စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကျေးရွာတခုမှာရှိတဲ့ MPTဆက်သွယ်ရေးတာဝါတိုင်တခု ဇွန် ၁၉ ရက် မနက် ၁၀ နာရီလောက်က ဖြိုချဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကျနော်တို့ ဒေသခံတွေကတော့ ပြည်သူ့မျက်နှာ မကြည့်ဘဲ စစ်ကောင်စီ အလိုကျ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေ ဖျက်ဆီးကြတာ ဝမ်းသာတယ်။ ထောက်လည်းထောက်ခံတယ်။ ဘာမှအသုံးမဝင်တဲ့အရာတွေ များများရှင်း၊ များများ ဖျက်ဆီးကြပါစေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြည်သူအစိုးရဆီကနေ အာဏာသိမ်းပြီး အင်တာနက်လိုင်းတွေကို စစ်ကိုင်း၊ မကွေး စတဲ့ မြို့နယ်အကုန်အားလုံးနီးပါး ဖြတ်တောက်ထားပါတယ်။
ဆာလင်းကြီးမြို့နယ်မှာလည်း အခုနောက်ပိုင်း အင်တာနက်အပြင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံနေရပြီး ပြည်သူအတွက် အကျိုးမရှိတာကြောင့် အခုလို ဖျက်ဆီးတာလို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
“စစ်ကိုင်းတိုင်းအတွင်းက စစ်အာဏာရှင် ဆန့်ကျင်နေတဲ့ မြေပေါ်၊ မြေအောက် တော်လှန်ရေးသမားတွေကတော့ အင်တာနက် ပြန်ဖွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုပေမဲ့ ဒီကောင်တွေက အင်တာနက်ဖွင့်မပေးတဲ့အပြင် ဖုန်းလိုင်းကိုပါ ဖြတ်တောက်လာတယ်။ ဒါကြောင်မို့ ပြည်သူတွေအတွက် ဘာမှအကျိုးမရှိတဲ့ ဆက်သွယ်ရေးတိုင်တွေကို အခုလို ဖျက်ဆီးတာ။ နောက်ထပ်လည်း အင်တာနက် မဖွင့်ပေးတဲ့ ဆက်သွယ်ရေးတိုင်တွေကို အခုလိုဖျက်ဆီးသွားဦးမယ်။”
ဆက်သွယ်ရေးဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူနဲ့အတူ ရပ်တည်ပေးဖို့၊ အင်တာနက်လိုင်းတွေ အမြန်းဆုံးပြန်ဖွင့်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်း အခုလို တာဝါတိုင်ဖျက်ဆီးခံရတာဟာ ဇွန်လအတွင်း ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီတွေဟာ သတိပေးချက်ကိုလိုက်နာမှုမရှိတဲ့အပြင် ပြည်သူ့မျက်နှာ မကြည့်ဘဲ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့အတွက် မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇွန် ၁၈ ရက်က MPT တာဝါတိုင်တတိုင်ကို ဖြိုချဖျက်ဆီးလိုက်တယ်လို့ ထီးလင်း PDF က ပြောပါတယ်။
ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ကျနော်တို့ ထီးလင်းနယ်မှာ အင်တာနက်လိုင်း ဖြတ်ခံရတာ ၈ လကျော်ပြီ။ ဒေသခံတွေ အခက်အခဲတွေဖြစ်ကြတယ်။ ငွေလွှဲဝန်ဆောင်မှုတွေရော သတင်းအချက်အလက်တွေမသိကြရတာ။ ဒါကြောင့်မို့ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးဖို့ သတိပေးခဲ့တယ်။ သူတို့ကလိုက်နာခြင်းမရှိဘူး။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းရှိတဲ့ အခါဆိုရင် ဖုန်းလိုင်းတွေဖြတ်တယ်။"လို့ ပြောပါတယ်
တောင်းဆိုချက်ကို မလိုက်နာတဲ့ ထီးလင်းမြို့နယ်တွင်းရှိ ကျန်ရှိနေသေးတဲ့ ဆက်သွယ်ရေး တာဝါတိုင်းတွေအားလုံးကို တစ်စစီဖြိုချကာ တော်လှန်ရေးအတွက်အသုံးချသွားမယ်လို့ PDF ထီးလင်းက ပြောပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အင်တာနက်ကိုအချိန် အကန့်အသတ်နဲ့ပဲ ရရှိကာ စက်တင်ဘာလဆန်းကစလို့ အင်တာနက်လုံးဝ ဖြတ်တောက်ခြင်းခံခဲ့ရပါတယ်။
ထီးလင်းမြို့နယ် ဧရိယာ ၅၀ ရာခိုင်နှုန်းလောက်သာ ပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်ကြောင်းတွေထိုးတဲ့အချိန်တိုင်း ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရပြီး ပြည်သူအများသတင်းမရရှိဘဲ အခက်အခဲကြုံနေကြရပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ပြည်သူ့မျက်နှာ မကြည့်ဘဲ စစ်ကောင်စီအလိုကျ အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်နေတာတွေကို ချက်ချင်းရပ်တန့်ပြီး ထီးလင်းတမြို့နယ်လုံးမှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ PDFထီးလင်းက မေလ ၁၂ ရက်မှာ သတိပေး တောင်းဆိုခဲ့ပါတယ်။