Miss Americana

January 23, 2020

နာရီပိုင်းအတွင်း ယူကျုဘ်ပေါ် ကြည့်ရှုသူသန်းချီရှိနေသည့် တေလာဆွစ်ဖ်မှတ်တမ်းရုပ်ရှင်-Miss Americana(ရုပ်သံ)

အဆိုတော် တေလာဆွစ်ဖ်လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ချိုမြကြည်လင်တဲ့အသံနဲ့ ချစ်စဖွယ်ကောင်းတဲ့ ကမ္ဘာကျော် အဆိုတော်ကောင်မလေးတယောက်ကို ပြေးမြင်မိကြမှာပါ။ လတ်တလောမှာတော့ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ သူ့ရဲ့ဘဝအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကိုတော့ အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Lana Wilson က ရိုက်ကူးပုံဖော်ပေးထားခဲ့ပြီး Tremolo Productions ကနေ တင်ဆက်လိုက်တာပါ။ သီချင်းအသစ်တပုဒ် ထွက်လိုက်တိုင်းမှာ ထူးခြားဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ တေလာဆွစ်ဖ်ရဲ့ ဘဝဇာတ်ကြောင်းဟာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာ Sony Entertainment နဲ့ စာချုပ် ချုပ်ဆိုခဲ့ရတဲ့ အသက်အငယ်ဆုံး Artist တယောက်ဖြစ်လာခဲ့ပြီး ၁၅ နှစ်အရွယ်မှာတော့ Record ရ Country Music Singer တယောက်အဖြစ်နဲ့ အောင်မြင်လာခဲ့တာ ဖြစ်ပေမယ့် သူဖြတ်သန်းရတဲ့ ဘဝတလျှောက် အနိုင်ကျင့် ဗိုလ်ကျခံခဲ့ရတာတွေ၊ ကဲ့ရဲ့ပြစ်တင်ရှုံ့ချ ခံခဲ့ရတာတွေကြားက ဘယ်လိုရုန်းထွက်ပြီး လျှောက်လှမ်းခဲ့သလဲ၊ အောင်မြင်မှုနောက်ကွယ်မှာ ဘာတွေရှိနေမလဲ၊ ဒါတွေကိုရော ဒီရုပ်ရှင်ထဲမှာ ဘဝရဲ့ တစိတ်တပိုင်း ရုပ်ပုံလွှာအနေနဲ့ ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ Title - Miss Americana ကတော့ တေလာဆွစ်ဖ်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “Miss Americana & the Heartbreak Prince” ထဲကနေ ယူထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ လူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ ကလေးသူငယ် စာတတ်မြောက်ရေး၊ သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး လုပ်ငန်းတွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ ကလေးသူငယ်တွေအတွက် အကျိုးပြုအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားနေသူတဦးလည်း ဖြစ်ပါတယ်။ တေလာဆွစ်ဖ်ဟာ ဇာတ်ကြောင်းပြန်ပြောပြတဲ့ သီချင်းပုံစံမျိုးတွေ၊ ကျေးလက်ဂီတနဲ့ ပေါ့ပ်ဂီတ အမျိုးအစား သီချင်းတွေနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး ထင်ရှားသူ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကို ကိုယ်တိုင်ရေးဆိုလေ့ရှိတဲ့ တေလာဆွစ်ဖ်ဟာ တကိုယ်တော် တေးအယ်လ်ဘမ်တွေဖြစ်တဲ့ Taylor Swift(2006)၊ Fearless(2008)၊ Speak Now(2010)၊ Red(2012)၊ 1989(2014)၊ Reputation(2017)၊ Lover(2019) စတဲ့ အယ်လ်ဘမ် ၇ ချပ်ထိ ထွက်ရှိခဲ့ပြီးဖြစ်ကာ နာမည်ကြီး ဂရမ်မီတေးဂီတဆု အပါအဝင် ဆုပေါင်း ၃၀၀ ကျော် ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူ့အကြောင်းမှတ်တမ်းရုပ်ရှင် Miss Americana Trailer ဟာ ယူကျုဘ်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ သန်းချီရှိနေခဲ့ပြီး နာမည်ကြီးနေပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ “Only the Young” အမည်နဲ့ သူကိုယ်တိုင်ရေးတဲ့ သီချင်းသစ် တပုဒ်ကိုလည်း ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို အခုနှစ်ရဲ့ ပထမဆုံး Sundance Film Festival မှာ ကနဦးပြသခဲ့ပြီး ပရိသတ်တွေ စိတ်ဝင်စားမှု ရရှိနေတာ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ ထွက်ရှိလာတော့မယ့် Miss Americana ရုပ် ရှင်ကိုတော့ Netflix မီဒီယာကော်ပိုရေးရှင်းကနေတဆင့် ပရိသတ်တွေက ရှုစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
1 year Ago
Up