MH17 မလေးရှားလေယာဉ် ရုရှားထုတ်ဒုံးကျည်ဖြင့် ပစ်ချခံရဟု ထုတ်ပြန်

October 14, 2015

MH17 မလေးရှားလေယာဉ် ရုရှားထုတ်ဒုံးကျည်ဖြင့် ပစ်ချခံရဟု ထုတ်ပြန်

ပြီးခဲ့တဲ့နှစ်ဇူလိုင်လက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှား လေကြောင်းလိုင်း ခရီးစဉ် MH17 လေယာဉ်ဟာ ရုရှားနိုင်ငံထုတ် Buk ဘခ်ဒုံးကျည်နဲ့ ပစ်ချခံရတာလို့ နယ်သာလန်ဘေးအန္တရာယ်စုံစမ်းရေး ဘုတ်အဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့က ပြောဆိုပါတယ်။ လေယာဉ်ဦးပိုင်း ဘယ်ဖက်ခြမ်းမှာ ဒုံးကျည်ထိမှန်ခဲ့ပြီး ပြတ်ထွက်ခဲ့တယ်လို့ နယ်သာလန် စုံစမ်းရေးဘုတ်အဖွဲ့က ထုတ်ပြန်တဲ့ လေယာဉ်ပျက်ကျမှုအချောသတ်အစီရင်စာမှာ ဖော်ပြထားပါတယ်။ ဘိုရင်း  Boeing 777 လေယာဉ်ဟာ ရုရှားနောက်ခံတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်တွေက ပစ်ချတာလို့ အနောက်နိုင်ငံတွေနဲ့ ယူကရိန်းနိုင်ငံကစွပ်စွဲခဲ့ကြပြီး ရုရှားနိုင်ငံကတော့ ယူကရိန်းအစိုးရထိန်းချုပ်နယ်မြေထဲနေ ဒုံးကျည်ပစ်လွှတ်ထားလို့ပြန်လည် စွပ်စွဲထားပါတယ်။ နယ်သာလန်အချောသတ်အစီရင်ခံစာမှာတော့ လေယာဉ်ပစ်ချခံရမှုအတွက် ဘယ်သူ့ကိုပဲ အပြစ်တင်ထားတာမရှိပဲ ယူကရိန်းလေပိုင်နက်ကို လေယာဉ်ဖြတ်ပျံသန်းမှုကို အရင်ကတည်းက ပိတ်ပင်ထားသင့်တယ်လို့ ဖော်ပြပါတယ်။ လေယာဉ်ဟာ ယူကရိန်းပြည်တွင်းစစ် အရှိန်မြင့်နေချိန် ၂၀၁၄ ဇူလိုင်လထဲမှာ အမ်စတာဒမ်မြို့တော်ကနေ ကွာလာလမ်ပူမြို့တော်ကို ပျံသန်းရင်း ပစ်ချခံရတာပါ။ လေယာဉ်ပေါ်ပါသူ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်လုံးသေဆုံးခဲ့ပြီး နယ်သာလန်နိုင်ငံသားက ၁၉၆ ယောက်ဖြစ်ပါတယ်။
6 years Ago
Up