Master Chef Myanmar Winner

February 2, 2021

မြင့်သူထက်ကို အနိုင်ယူပြီး ဆုမွန်နှင်း Master Chef Myanmar Winner ဆုရရှိ

မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ Master Chef Myanmar Season 3 ဟင်းချက်ပြိုင် ပွဲမှာတော့ အမျိုးသမီး ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ ဆုမွန်နှင်းက ပြိုင်ဘက်မြင့်သူထက်ကို အနိုင်ယူကာ Winner ဆုကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ရုပ်သံရှိုး အစီအစဉ်တခုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ Season 1 နဲ့ Season 2 တို့ကို ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ကာ တင်တင်ဦးနဲ့ အာကာတို့က Winner ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။

ခုလက်ရှိ Season 3 ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တုန်း က စတင်ခဲ့တာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၆.၅၀ နာရီတိုင်းမှာ ထုတ်လွှင့် တင် ဆက်ပေးနေတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ပြိုင်ဘက်တွေကြား ဟင်းချက်စွမ်းရည်အဆင့်ဆင့်နဲ့ ယှဉ်ပြိုင်ကြရတဲ့ ဒီ အစီအစဉ်မှာ Jean Marc Lemmery၊ ဦးရဲထွဋ်ဝင်း၊ ဒေါ်ဖြူဖြူတင်တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ်အမှတ်ပေးခဲ့ကြတာဖြစ်ပြီး မှတ်ချက်တွေနဲ့အတူ ပရိသတ်တွေကြား လှုပ်လှုပ် ခတ်ခတ်ဖြစ်စေခဲ့တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

Season 3 ပြိုင်ပွဲမှာတော့ အသက် ၃၀ အရွယ် ဆုမွန်နှင်းနဲ့ ၂၃ နှစ်အရွယ် မြင့်သူ ထက်တို့က စွမ်းရည်ပြသပြီး သီတင်းပတ် တပတ်ချင်းစီကို အဆင့်ဆင့် ဖြတ်ကျော်ကာ နောက်ဆုံးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ အချက်အပြုတ်စွမ်းရည်ပြသဖို့ Round ၅ ခုယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး အားလုံးယှဉ်ပြိုင်ပြီးချိန်မှာတော့ ဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ ပြိုင်ပွဲဝင် ဆုမွန်နှင်း က Winner ဆုကို ရရှိသွားခဲ့ကာ ဆုကြေးအနေနဲ့ ငွေကျပ်သိန်း ၁၅၀ ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

9 months Ago
Up