ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းလာပြီး ကာကွယ်မှုနည်းလမ်းတွေ တွင်ကျယ်လာတဲ့အတွက် ဒေသန္တရရောဂါအဖြစ် သတ်မှတ်ကာခရိုင်တချို့မှာ Mask နှာခေါင်းစည်း တပ်စရာမလိုတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း တကယ်တမ်း အကောင်အထည် ဖော်ခြင်းတော့ မရှိသေးပါဘူး။
ထိုင်းနိုင်ငံမှာ နှာခေါင်းစည်းတွေချွတ်ဖို့ စည်းမျဉ်းဥပဒေချမှတ်ဖို့ မရှိဘူးလို့ ထိုင်းဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းထနကွန်းဝမ်ဘွန်းခုန်းချနက ပြီးခဲ့တဲ့ မေ ၃၀ ရက် ဝန်ကြီးများအဖွဲ့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီး အနုထင်း ချန်းဝီရကွန်းကလည်း Mask ချွတ်ရေး၊ မချွတ်ရေးနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စည်းကမ်းဥပဒေ သတ်မှတ်ထားတာ မရှိကြောင်း၊ အရင်ကလည်း Mask ချွတ်လို့ အရေးယူ အပြစ်ပေးတာမရှိခဲ့ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးရဲ့ နေရာဒေသအလိုက် တိုက်တွန်းနှိုးဆော်တာတွေပဲ ရှိတယ်လို့ ဆိုပါတယ်။
နေရာအလိုက်လို့ဆိုရာမှာ လူချင်း ၂ မီတာ အကွာအဝေးမှာ နေနိုင်တဲ့ ကွင်းပြင်တွေမှာ၊ အားကစားလုပ်ချိန်တွေမှာ Mask ချွတ်နိုင်ကြောင်း၊ လူထူထပ်သိပ်သည်းတဲ့ နေရာတွေမှာတော့ တပ်ထားသင့်ကြောင်း၊ ကိုဗစ်-၁၉ တင်မကဘဲ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေ၊ မျောက်ကျောက်ရောဂါပိုးတွေပါ ကာကွယ်ဖို့ Mask ဆက်ပြီး တပ်ထားသင့်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ထိုင်းပီဘီအက်စ် သတင်းဌာနက Mask ချွတ်ဖို့ အဆင်သင့်ပြီလားဆိုတဲ့ မေးခွန်းနဲ့ ပြည်သူ့စစ်တမ်း ကောက်ယူရာမှာ အများစုက မချွတ်သင့်သေးဘူးလို့ ဖြေဆိုကြပါတယ်။
ဒီမတိုင်ခင်ကတော့ ထိုင်းနိုင်ငံ ကူးစက်ရောဂါနှိမ်နင်းရေး ဦးစီးဌာနက လာမယ့် ဇွန်လထဲမှာ ကိုဗစ်-၁၉ ရောဂါကို ဒေသန္တရရောဂါအဖြစ် ကြေညာပြီး ကူးစက်မှု အစိမ်းရောင်ဇုန်နဲ့ အပြာရောင်ဇုန်ရှိ ခရိုင်တွေမှာ Mask နှာခေါင်းစည်း ချွတ်လို့ရမယ်လို့ ပြောဆိုထားတာ ရှိပါတယ်။