Mask ချုပ်ပြိုင်ပွဲ

August 16, 2020

Mask ချုပ်ပြိုင်ပွဲ ပထမဆုရသူကို တိုကျို မြန်မာသံရုံးတွင် ဆုချီးမြှင့်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်မှုအတွက်ရည်ရွယ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ် ကျင်းပခဲ့တဲ့ နှာခေါင်းစည်း Mask ချုပ် ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှုအကောင်းဆုံး ပထမဆု ရရှိခဲ့တဲ့ ဦးမျိုးစန်းဦး (myo gyi)ကို တိုကျိုမြို့ရှိ  မြန်မာသံရုံးမှာ ဩဂုတ် ၁၅ ရက်က ဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်လိုက်ပါတယ်။  ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူက ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။  အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်တဲ့ အခမ်းအနားကို တိုကျိုမြို့မြန်မာသံရုံးမှ သံမှူးကြီး ဒေါ်စန္ဒာတင်၊ ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့  မြန်မာသံရုံးမှ ဝန်ထမ်းတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတချို့လည်း  တက်ရောက်ခဲ့ပါပါတယ်။ ဆုရရှိသူ ကိုမျိုးစန်းဦးက အခုလို ကိုဗစ်ကာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သံအမတ်ကြီး ဦးမြင့်သူကိုယ်တိုင် ဆုချီးမြှင့်ပေးလို့ အထူး၀မ်းမြောက်ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် သူ massage ပေးလိုတဲ့ သံမဏိလိပ်ပြာ စိတ်ဓာတ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ကြံ့ကြံ့ခံနေနိုင်တာ တွေ့ရလို့ ပီတိဖြစ်ရပါတယ်လို့လည်း ကိုမျိုးစန်းဦးက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အွန်လိုင်းကနေ ဖိတ်ခေါ် ကျင်းပတဲ့ Mask ချုပ်ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုအဖြစ် သံမဏိလိပ်ပြာအမည်နဲ့ တင်စားပြီး ထူးထူးခြားခြား Mask ချုပ်လုပ်ပြိုင်ပွဲဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်  မျိုးကြီးအကောင့်က ပထမ၊ ငြိမ်းချမ်းရေးသင်္ကေတ သံလွင်ခက် ကိုက်ချီထားတဲ့ ချိုးငှက်ပုံ Mask နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ချမ်းမြေ့ကိုအကောင့်က ဒုတိယနဲ့ ချောစုအကောင့်က တတိယဆုတွေ အသီးသီး ရရှိသွားကြတာပါ။
1 year Ago

May 20, 2020

Mask ချုပ်ပြိုင်ပွဲတွင် ပြည်သူအနှစ်သက်ဆုံးဆုရှင် ၃ ဦးကို ကြေညာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ် ကျင်းပတဲ့ နှာခေါင်းစည်း Mask ချုပ် ပြိုင်ပွဲမှာ ပြည်သူအနှစ်သက်ဆုံးဆုအဖြစ် Like အများဆုံးဆု ရရှိသူ ၃ ဦးကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပထမဆုကိုတော့ အထူးကုဆရာဝန်ကြီး Eric Yang၊ ဒုတိယဆုကို နာမည်ကြီး ဒီဇိုင်နာတယောက်ဖြစ်တဲ့ မျိုးမင်းစိုးနဲ့ တတိယဆုကိုတော့ Wai Wai အကောင့်တို့က  ဆွတ်ခူးရရှိသွားကြတာပါ။ ပြီးခဲ့တဲ့မေလ ၁၃ ရက်နေ့က စတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်လာကြသူ အရေအတွက် ၂၁၁၂၀ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်း နှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခုထက် များလည်း ရပါတယ်) ကိုယ်တိုင်ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲ ချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်တဲ့အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို ကိုးကားပြီး ချုပ်လုပ်ရမှာ ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။ ပြိုင်ပွဲဝင်ကြသူတွေထဲမှာတော့ ကျော်ကြားသူ အနုပညာရှင်တွေ၊ နာမည်ကြီး ဒီဇိုင်နာတွေကအစ ပြည်တွင်း ပြည်ပမှ ပြိုင်ပွဲဝင်တွေ အမြောက်အမြား ပါဝင်ခဲ့ကြပြီး လက်ရှိမှာတော့ ပြည်သူ အနှစ်သက်ဆုံး။ (Like အများဆုံး)ဆု၊ တီထွင်ဖန်တီးမှု အကောင်းဆုံးဆု၊ လူထုအကျိုးပြုဆု။ (လှူဒါန်းဝေငှရန်လုပ်တဲ့ maskတွေထဲက like အများဆုံး။)နဲ့  ပြိုင်ပွဲဝင်ရခြင်း ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆု ဆိုပြီး ဆု ၁၂ ဆု ရွေးချယ်ချီးမြှင့်မှာဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ရွေးချယ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်သူအနှစ်သက်ဆုံး ဆု ၃ ဆု ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ ကျန်တဲ့ဆုတွေကိုလည်း နောက်နေ့တွေမှာ ထပ်မံကြေညာသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ “Mask ပြိုင်ပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေ သုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။
2 years Ago
Up