ကွန်ပျူတာ အန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ အသစ်မွမ်းမံ တင်ဆက်လိုက်တဲ့ ငယ်ဘဝဇာတ်ကောင် နာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ The Lion King ကို လာမယ့် ဇူလိုင် ၁၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Walt Disney Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jon Favreau က တာဝန်ယူ ရိုက်ကူးထားတာပါ။
နာမည်ကြီး ရုပ်ပြစာအုပ် The Jungle Book ကို အခြေခံပြီး ဖန်တီးရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားကို ၁၉၉၄ ခုနှစ်မှာ ပထမဆုံး ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
ခုတခါ အသစ်မွမ်းမံ တင်ဆက်လိုက်တဲ့ ရုပ်ရှင်ကား နမူနာကိုတော့ ပြီးခဲ့တဲ့ အော်စကာ အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကျင်းပနေချိန်နဲ့ တိုက်ဆိုင် ထုတ်လွှင့်ခဲ့တာပါ။
ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး တောဘုရင်အရိုက်အရာ ဆက်ခံမယ့် ခြင်္သေ့မင်းသားလေး Simba နေရာမှာ သရုပ်ဆောင်မင်းသား Donald Glover က ခေါင်းဆောင်ပါဝင်ထားပြီး အဆိုတော် သရုပ်ဆောင်မင်းသမီး ဘီယွန်းစေးကတော့ Simba ရဲ့ ငယ်သူငယ်ချင်း၊ နောက်ပိုင်းမှာတော့ ချစ်သူဖြစ်လာတဲ့ ခြင်္သေ့မလေး Nala အဖြစ် ပါဝင်ထားပါတယ်။ Simba ရဲ့ဖခင် တောဘုရင်ကြီး Mufasa နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား James Earl Jones က ပါဝင်ထားပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ ဇာတ်ဝင်သီချင်းတွေ အများကြီးပါဝင်ပြီး အဆိုတော် ဘီယွန်းစေး သီဆိုပေးထားတဲ့ Spirit သီချင်းဟာလည်း ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။
ဒီရုပ်ရှင်ကားထဲမှာ ကလေးတွေကြည့်ရှုဖို့ မသင့်တော်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေ ပါဝင်နေတာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ အကုန်အကျခံ ရိုက်ကူးထားခဲ့ပြီး ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၄၀ နီးပါး ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားဟာ Box Office မှာ လက်ရှိအချိန်ထိ ဝင်ငွေ ၉၆၈ ဒသမ ၅ သန်း ရရှိခဲ့တာမို့ မကြာခင် ရုံတင်တော့မယ့် ဒုတိယမြောက် ရုပ်ရှင်ကားက အရင်ရုပ်ရှင်ကားကို မီပါ့မလား၊ ရုံတင်ဝင်ငွေ စံချိန်ချိုးနိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
2 years Ago