ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အွန်လိုင်းကတဆင့် ကျင်းပခဲ့ရတဲ့ နာမည်ကျော် အာရှရုပ်ရှင်ဆုပေးပွဲမှာ ကိုရီးယားရုပ်ရှင် - Parasite က အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု အပါအဝင် ဆု ၄ ဆုနဲ့ အများဆုံး သိမ်းပိုက်သွားခဲ့ပါတယ်။
၂၀၀၇ ခုနှစ်က ပထမဆုံးစတင်ခဲ့တဲ့ ဒီဆုပေးပွဲကို ကျင်းပလာခဲ့တာဟာ အခုနှစ်မှာတော့ ၁၄ ကြိမ်တိုင်ခဲ့ပြီဖြစ်ကာ မူလက ဘူဆန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းကသာ ဆုတွေကို ကြေညာခဲ့ရတာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ ဆုပေးပွဲမှာတော့ Parasite ရုပ်ရှင်က ဆန်ခါတင်စာရင်းမှာ ၁၀ ဆုနဲ့ အများဆုံး ဝင်ထားခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအပါအဝင် ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆုနဲ့ ထုတ်လုပ်ရေးဒီဇိုင်းဆုတွေကို ရရှိသွားခဲ့ပါတယ်။
အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ တရုတ် ရုပ်ရှင်ဒါရိုက်တာ Wang Xiaoshuai က So Long, My Son ရုပ်ရှင်နဲ့ ဆွတ်ခူးရရှိသွားပါတယ်။
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ နာမည်ကြီး ကိုရီးယား သရုပ်ဆောင်မင်းသား Lee Byung-hun က The Man Standing Next နဲ့ ရရှိသွားခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ တရုတ်အမျိုးသမီးသရုပ်ဆောင် Zhou Dongyu က Better Days အတွက် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ ဂျပန်သရုပ်ဆောင်မင်းသား Ryo Kase က To the Ends of the Earth ရုပ်ရှင်နဲ့ ချီးမြှင့်ခံခဲ့ရပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုတော့ ထိုင်ဝမ်သရုပ်ဆောင် မင်းသမီး Ko Shu-chin က A Sun ရုပ်ရှင်ကားနဲ့ ဆွတ်ခူး ရရှိသွားခဲ့တာပါ။
ဒီဆုချီးမြှင့်ပွဲမှာ အကောင်းဆုံး မျက်နှာသစ်ဒါရိုက်တာဆုကိုတော့ ဂျပန်နိုင်ငံသား ဒါရိုက်တာ Hikari က 37 Seconds ရုပ်ရှင်နဲ့ ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး ဆုပေါင်း ၁၆ ဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
မနှစ်က ၁၃ ကြိမ်မြောက် အာရှရုပ်ရှင်ဆုပေးပွဲရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကိုတော့ ဂျပန်ရုပ်ရှင် - Shoplifters က ရရှိထားခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အခုနှစ်ရဲ့ အကောင်းဆုံးဆုရရှိသူ အနုပညာရှင်တွေစာရင်းနဲ့ ရုပ်ရှင်ကား Trailer တွေကိုတော့ အာရှရုပ်ရှင်ပွဲတော်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ယှဉ်တွဲဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
2 years Ago