KTV

April 26, 2022

တာချီလိတ် KTV ဆိုင်တွင် ရန်ဖြစ်ရာက စိတ်ကြွဆေးပြားသန်းချီနှင့် လက်နက်များဖမ်းမိ

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက UWSA ‘ဝ’ တပ်ဖွဲ့နဲ့  မိုင်းလားတပ်တို့ ပေါင်းပြီး ဖွင့်လှစ်ထားတဲ့ Harry Potter ( KTV ) ဆိုင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အဆိုပါရန်ပွဲနဲ့ ပတ်သက်နေတဲ့ လုံခြုံရေး ပုဂ္ဂလိက ကုမ္ပဏီတခုကို တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၈ သန်းနဲ့ လက်နက်တချို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၂၄ ရက် မနက် ၇ နာရီလောက်က UWSA ‘ဝ’ တပ်ဖွဲ့ဝင် ၁၀ ကျော်ဟာ ခိုက်ရန်ဖြစ်ပွားတဲ့နေရာကို ရောက်လာခဲ့ကြောင်း၊ ဒါကြောင့် တာချီလိတ်က တာဝန်ရှိသူတွေလည်း သွားရောက်ဖြေရှင်းပေးရာမှာ ပြေလည်မှုရသွားပြီး ရန်ဖြစ်သူတွေ လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ‘ဝ’ တပ်ဖွဲ့ဝင်က ရန်ပွဲနဲ့ပတ်သက်တဲ့  ဝိန်းကျောက်ရပ်ကွက်ရှိ လုံခြုံရေးပုဂ္ဂလိကကုမ္ပဏီ ဖွင့်ထားတဲ့ နေအိမ်ထဲကို ဆက်လက်ဝင်ရောက်သွားခဲ့ကြောင်း၊ တာချီလိတ် တာဝန်ရှိသူတွေကလည်း  ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်သားတချို့ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

‘ဝ’ တပ်ဖွဲ့က ပြန်လည်ထွက်ခွာပြီးတဲ့နောက် ရဲနဲ့ စစ်တပ်က အဆိုပါနေအိမ်အနီးတဝိုက်ကို စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၈ သန်းနဲ့ ရိုင်ဖယ်သေနတ် ၂ လက် ၊ ပစ္စတို ၂ လက် ၊ ခေတာမင်း မူးယစ်ဆေးတချို့ပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံသား ၄၅ ဦး ၊ တရုတ်နိုင်ငံသား ၁ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦး အပါအဝင် လူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာချီလိတ်ဒေသခံတစ်ဦးကတော့ လုံခြုံရေးကုမ္ပဏီပိုင်ရှင်ဟာ ဧပြီ ၂၃ ရက်ညက KTV ဆိုင်ကို သွားရောက်ခဲ့ပြီး အဲဒီမှာ ခိုက်ရန်ဖြစ်ပွါးတာလို့  ဒီဗွီဘီကို ပြောပါတယ် ။ 

“အဲဒီကုမ္ပဏီပိုင်ရှင်က ရဲဝန်ထမ်းဟောင်းပဲ၊ သူ့မှာ တပည့်တွေအများကြီး၊ ၂၃ ရက်ညမှာ သူတို့ ကာရာအိုခေဆိုင်မှာရန်ဖြစ်တာ၊ ဘာကိစ္စနဲ့ ရန်ဖြစ်လဲတော့မသိဘူး၊ ‘ဝ’ တပ်က ပိုင်တဲ့ ဟုန်ပန်းကွင်းထဲမှာဆိုတော့ ‘ဝ’ စစ်သားတွေ လာစစ်တာပေါ့။”

ဟုန်ပန်းကွင်းထဲမှာ တရုတ်တွေရော၊ ထိုင်းတွေရော ဝင်ထွက်သွားလာနေပြီး ဘာအလုပ်လုပ်ကြလဲတော့ မသိကြောင်း တာချီလိတ်ဒေသခံက ပြောပါ။ 

တာချီလိတ်သတင်းတပုဒ်မှာတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အရေအတွက်ဟာ ၁၂ သန်းခွဲလောက် ရှိမယ်လို့ ရေးသားထားပါတယ်။

Ref- MaesaiPress

2 months Ago

February 5, 2022

လောက်ကိုင်မြို့ KTV ရှေ့တွင် ပစ်ခတ်မှုဖြစ်ပြီး ကိုးကန့်ရဲ အပါအဝင် လူအချို့သေဆုံး

တရုတ် - မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ထန်ဟွေ့ KTV ရှေ့မှာ ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီလောက်က  လက်နက်ကိုင်အဖွဲ့အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ကိုးကန့်ရဲတပ်ဖွဲ့ဝင် အပါအဝင် လူတချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ်အနီး ထန်ဟွေ့ KTV ရှေ့မှာ ကိုးကန့်လက်အောက်ခံ ရဲတပ်ခွဲ (၅)၊ ပြည်သူ့စစ်နဲ့ လောပန်းနောက်လိုက်တွေ ခိုက်ရန်ဖြစ်ပြီး နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ပစ်ခတ်မှုမှာ ပြည်သူ့စစ်ဘက်က  စက်သေနတ်နဲ့ ပစ်ခတ်လို့ ကိုးကန့်ရဲတပ်ဖွဲ့ဝင် ၃ ယောက်  နေရာမှာတင် ပွဲချင်းပြီး  သေဆုံးသွားပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ 

ကိုးကန့်သတင်းမှာတော့ ရဲတပ်ဖွဲ့ ၁ ဦးအပါအဝင် ၅  ယောက်သေပြီး ၂ ယောက် ဒဏ်ရာတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ပစ်ခတ်မှုတွေအပြီးမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး နယ်မြေ ရှင်းလင်းခဲ့တာကြောင့် ဒဏ်ရာ ရသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောက်ကိုင်ဒေသတွင်း လောင်းကစားနဲ့ မူးယစ်ဆေးဝါးလောကမှာ အချင်းချင်း မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိပြီး အခု ပစ်ခတ်မှု ဘာကြောင့်ဖြစ်ပွားတယ်ဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

5 months Ago
More News
Up