KNU/KNLA(PC)

May 26, 2022

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ တင်ပြ

စောထော့လေးဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ  KNU/KNLA(PC)အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မေလ ၂၆ ရက် ဒီမနက် နေပြည်တော်မှာတွေ့ဆုံပြီး   ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေတင်ပြခဲ့ကာ အမှတ်တရလက်ဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသတွေပါမကျန် ပညာရည်မြှင့်တင်ရေးကိစ္စ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေကို စစ်ခေါင်းဆောင်က  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့လည်းတက်ရောက်ကြပြီး KNU/KNLA(PC)ဘက်က ဒုတိယဥက္ကဋ္ဌနော်ကပေါ်ထူးနဲ့ ဗဟိုကော်မတီဝင် စောမောင်မောင်တို့လည်း တက်ရောက်ကြပါတယ်။

KNU/KNLA(PC)ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ  ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုတက်ရောက်ဖို့ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်  ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတာဖြစ်ပါတယ်။

ဒီအဖွဲ့တွေထဲမှာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ ပါဝင်ပါတယ်။

4 months Ago

May 24, 2020

မြဝတီတွင် အဖွဲ့အစည်းတံဆိပ်သုံးသူများကို ယနေ့မှစ၍ အရေးယူမည်

မြဝတီမြို့မှာ အဖွဲ့အစည်းနာမည်စတစ်ကာ အသုံးပြုသူတွေကို မေလ ၂၃ ရက်နောက်ပိုင်း စပြီး အရေးယူတော့မယ်လို့ မြဝတီမြို့စည်းကမ်းထိန်းသိမ်းရေးတာဝန်မှူး ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း မြဝတီမြို့မှာ အဖွဲ့အစည်းတံဆိပ် စတစ်ကာ အသုံးပြုသူတွေကို အရေးယူဖို့ မေလ ၂၃ ရက်ကစပြီး သတိပေးစစ်ဆေးနေတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆေးမှုတွေကို တပ်မတော် ရဲတပ်ဖွဲ့တွေအပါအဝင် ကရင်ပြည်နယ်အတွင်းမှာရှိနေတဲ့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNU(KNLA)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ငြိမ်းချမ်းရေးကောင်စီ  KNU-KNLA(PC) နဲ့ BGF နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။ မြန်မာ-ထိုင်း နယ်စပ်မှာ ထိုင်းနိုင်ငံဘက်က ဂျပန်ကားတွေ တရားမဝင်တင်သွင်းမှုတွေ များလာပြီး အဖွဲ့အစည်းနာမည်ပါစတေကာတွေ အသုံးပြုကာ မြန်မာနိုင်ငံမြို့ထဲကို တင်သွင်း ရောင်းချတာတွေ၊ ခရီးသည်တင်ပို့တာတွေမှာ လမ်းကြေး၊ တံတားကြေး ပေးဆောင်ခြင်း မရှိတာတွေ ရှိနေပါတယ်။  အဲလိုအချိန်တွေမှာ အဖွဲ့အစည်းမှန်ကန်မှု မရှိဘဲ အဖွဲ့အစည်းနာမည် အသုံးပြုထားတဲ့ အတွက် တစ်စုံတစ်ရာ ပြဿနာ မဖြစ်အောင် အရေးယူတာတွေစတာ ဖြစ်တယ်လို့ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ မြဝတီမြို့မှာ အဖွဲ့အစည်းအလံ၊ အမည်၊ တံဆိပ် အသုံးပြုသူတွေကို မေလ ၂၀ ရက်ကစလို့ စတင်စစ်ဆေးခဲ့ပြီး မေလ ၂၃ ရက်မှာလည်း သတိပေးစစ်ဆေးခဲ့ပါတယ်။ မေလ ၂၃ ရက်နောက်ပိုင်းမှာတော့ အဖွဲ့အစည်း၊ အလံ၊ တံဆိပ် မမှန်မကန် အသုံးပြုတဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးအရေးယူသွားမယ်လို့လည်း ဆိုပါတယ်။  ကရင်ပြည်နယ် မြဝတီမြို့မှာဆိုရင် လက်နက်ကိုင်အဖွဲ့များတဲ့အတွက် အခုလိုစစ်ဆေးမှု ပြုလုပ်နေတာပါ။  စစ်ဆေးမှုတွေလုပ်နေတဲ့အခု မေလအတွင်းမှာပဲ  လက်နက်ကိုင်လူတစ်စုက ပစ်ခတ်မှုတွေ ရှိခဲ့သလို မကြာခဏ လက်နက်နဲ့ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်။   နူးရာ
2 years Ago
Up