knpp

November 3, 2021

ချင်းပြည်သူလူထုအပေါ် စစ်ကောင်စီက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေဟု KNPP ကြေညာ

ချင်းပြည်နယ်အပါအဝင် မြန်မာပြည်သူလူထုတွေအပေါ်မှာ စစ်ကောင်စီက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်နေတယ်လို့    ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က နိုဝင်ဘာ ၃ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာ ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ချင်ပြည်နယ်အတွင်း ပြည်သူလူထုတွေ၊ လူနေအိမ်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရက်ရက်စက်စက် ပြုလုပ်နေတာနဲ့ မြန်မာနိုင်ငံနေရာအနှံ့ စစ်အင်အား တိုးချဲ့ စစ်ဆင်နေတဲ့အပေါ် ကန့်ကွက်တဲ့အကြောင်းနဲ့ အထူး စိုးရိမ်မိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်အတွင်းမှာလည်း   လူနေအိမ်တွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ ဖျက်ဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေမှု အလားတူ လုပ်ဆောင်နေတယ်လို့လည်း KNPP ကဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး ဆန္ဒတွေကို ဥပက္ခာပြုပြီး မိမိတို့ရဲ့ နိုင်ငံရေးတောင်းဆိုမှုကို ဖျက်ဆီးဖို့ တမင်ရည်ရွယ် လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မိမိတို့ တိုင်းရင်းသားလူမျိုးတွေရဲ့  နိုင်ငံရေးဦးတည်ချက်ရည်မှန်းချက်တွေအတွက် ဆက်လက်တိုက်ပွဲဝင်ပြီး ကြိုးပမ်းသွားမယ်လို့လည်း KNPP က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကြောင့် ချင်းပြည်နယ် ထန်တလန်မြို့ရှိ ဘုရားရှိခိုးကျောင်း ၂ ကျောင်းအပါအဝင် ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၁၀၀ ကျော် မီးစွဲလောင် ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

1 month Ago

August 17, 2021

စစ်အာဏာရှင်ကိုတိုက်ထုတ်ရာတွင် ကရင်နီပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ကြရန် KNPP တိုက်တွန်း

အာဏာရှင်စစ်အုပ်စုရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ကရင်နီပြည်သူ လူထုတစ်ရပ်လုံးက ပူးပေါင်းကြဖို့ KNPP ပါတီက တိုက်တွန်းလိုက်ပါတယ်။

သြဂုတ် ၁၇ ရက်နေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားအကြိုမိန့်ခွန်းမှာ KNPP ပါတီရဲ့ အမြဲတမ်း ဗဟိုအလုပ်မှုဆောင် ခွန်းရီမာန်ထူးက အွန်လိုင်းကနေ အခုလို တိုက်တွန်းလိုက်တာပါ။

"ကျနော်တို့ရဲ့ ခုခံ‌တော်လှန်ရေးက ပါတီတစ်ခုအတွက်မဟုတ်ဘဲနဲ့ ကရင်နီတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ခုခံကာကွယ်ရေးတစ်ရပ်ဖြစ်ပါတယ်။ စနစ်တစ်ခုကို တော်လှန်တာမဟုတ်ဘူး။ တိုင်းပြည် အုပ်ချုပ်တဲ့ အစိုးရကို တော်လှန်တာ မဟုတ်ဘူး။ ဟိုဟာလိုချင်တယ်၊ ဒီဟာ လိုချင်တယ်လို့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကို တောင်းဆိုတာမဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်ကို ကျူးကျော် လာတာကို ခုခံတာဖြစ်တဲ့အတွက် ခုခံကာကွယ်ရေးဖြစ်တယ်။ ကျနော်တို့ လူငယ်တွေသိဖို့က နေရင်းထိုင်ရင်းနဲ့ သူများတွေလို ထပြီးတိုက်တာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ လွတ်လပ်ရေးကို ကျူးကျော်တဲ့အတွက် ခုခံကာကွယ်တယ်ဆိုတာ ကျနော်တို့လူငယ်တွေ အားလုံးသိစေချင်တယ်။ အခုချိန်အခါမျိုးဟာ အင်မတန်မှ လုပ်ဆောင်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ အစပိုင်းမှာတုန်းက ကရင်နီပြည်ဟာသီးခြားလွတ်လပ်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့် ပြန်ရဖို့ တိုက်ကြတယ်။ နိုင်ငံတကာအ‌ခြေနေအရ ၂၀၀၀ ခုနှစ်မှာ တိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဦးတည်ခဲ့တယ်။ ဖက်ဒရယ်ပြည်ထောင်စု အမှန်တကယ်ပေါ်ထွန်းဖို့က ကျနော်တို့ KNPP ပါတီတစ်ခုတည်းနဲ့မရပါဘူး။ ကရင်နီပြည် လူထုအားလုံးပါဝင်မှာရပါမယ်။ အဲ့လိုမှ မဟုတ်ရင် အာဏာရှင်ဗမာစစ်အုပ်စုအောက်မှာ တစ်သက်လုံးနေသွားရမှာဖြစ်တယ်။"

လက်ရှိ ကရင်နီပြည်နယ်(ကယား)အတွင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းတွေကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူကာကွယ်ရေးတပ် (PDF) တို့ စုပေါင်းပြီး ရရာလက်နက်နဲ့ ခုခံကာကွယ်နေပါတယ်။

4 months Ago
More News
Up