KNP

September 25, 2020

ဒီးမော့ဆိုတွင် ပြည်နယ်အခြေစိုက်ပါတီ ၂ ခုအတွက်  လူထုထောင်ချီ မဲဆွယ်စည်းရုံး

ကယားပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တီပါတီ (KySDP)နဲ့ ကယန်းအမျိုးသားပါတီတို့ကို ဝန်းရံတဲ့အနေနဲ့ ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့ လူအင်အား ၆၀၀ခန့်နဲ့  ဒေသခံတွေ လှည့်လည် မဲဆွယ်စည်းရုံးနေကြပါတယ်။  ဒီးမော့ဆိုမြို့ ငွေတောင်ဆည်ကနေစတင်စုရုံးပြီး မြို့နယ်ရှိ ကျေးရွာတွေကို ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်စည်းရုံးခဲ့ကြတာပါ။ ပါတီနှစ်ကို လိုက်လံဝန်းရံသူ လူငယ်တဦးဖြစ်တဲ့ ကယောလူမျိုး ပါစကွားလယ်လက်က“ ၂၀၁၅ ကနေ ၂၀၂၀ အတောအတွင်းမှာဆိုရင် ကယားပြည်နယ်မှာဖြစ်တာက ပဋိပက္ခဖြစ်တာ ပိုများတယ်။ စစ်သားနဲ့တောင်သူလယ်သားတွေရဲ့အရေးအခင်းပဲဖြစ်စေ၊ ကြေးရုပ်နဲ့ ကရင်လူငယ်ထု၊ ဒါတွေကို ဖြစ်နေတဲ့အတွက် လာမယ့် ၂၀၂၀ - ၂၀၂၅ မှာ ဒီလိုအဖြစ်မျိုး မဖြစ်ရလေအောင် ကျနော်တို့ ကယားပြည်နယ် ဒေသအခြေစိုက်ဖြစ်တဲ့ KySDP ၊ KNP ပဲဖြစ်ဖြစ် ဒါကျနော်တို့အနေနဲ့ ကိုယ့်ဒေသမှာ ကိုယ့်ရဲယဉ်ကျေးမှု၊ ကိုယ့်ရဲစာပေ၊ ကိုယ်ရဲ့ဝတ်စင်မှုကို သူတို့က သိနေတဲ့အတွက် ဒါတွေကို သူတို့လုပ်ပေးနိုင်မယ်။ အဲလိုတော့ ယုံကြည်ပါတယ်။ ” ပြည်နယ်အတွင်းလူငယ်တွေအနေနဲ့ ဝန်ရံသူတွေအနေနဲ့ မြို့တွင်းနဲ့ရွာတွေမှာ လှည့်လည်တာတွေ ပြုလုပ်ခဲ့ကြသလိုပဲ ပါတီအောင်နိုင်ရေးအတွက် စည်းရုံးဟောပြောတာတွေ လည်း ပြုလုပ်ခဲ့ကြပါတယ်။  ဒီးမော့ဆိုမြို့နယ်မှာ ကယားပြည်နယ်ဒီမိုကရက်စတီပါတီရဲ့ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးစောခူးတလေ (ခ) ပိုးရယ်ကတော့ ကယားပြည်နယ်အရေးလှုပ်ရှားမှုတွေမှာ ရှေ့နေတယောက်အနေနဲ့ လှုပ်ရှားလာခဲ့ပေမယ့် လုပ်ပိုင်ခွင့်မရှိတဲ့ပေါ်မှာ အခုလို ဝင်ရောက်ယှဉ်ပြိုင်ရတာလို့ ပြောပါတယ်။ “ကျနော်တို့တွေက လုပ်ပိုင်ခွင့်မရှိတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့‌ပြောဆိုမှု၊ အရေးဆိုမှုက အရာမရောက်ဘူးဆိုတဲ့အခြေအနေမျိုးတွေ အများကြီး ကြုံတွေ့ရတယ်။ နောက်ပြီး ကျနော်တို့ ဒီမြို့နယ် ပြည်နယ်အတွင်းမှာရှိနေတဲ့ ပြည်သူလူထုတွေ၊ ကျနော်တို့ရဲ့ ဌာနေတိုင်းရင်းသားတွေ ဒီကရင်နီမျိုးနွယ်စုတွေကို တကယ်ကာကွယ်ပေးပြီးတော့မှ မားမာမတ်မတ်ရပ်တည်ပေးတဲ့ ကိုယ်စားလှယ်မရှိတဲ့အတွက်ကြောင့်မို့လို့ အဲဒီနေရာကို ကျနော်ရအောင်ယူမယ်ပေါ့။ အဓိကကတော့ ကျနော်ဒီမြို့နယ်မှာရှိတဲ့တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုပြီးမှရပ်တည်နိုင်အောင် ကျနော်ရပ်တည်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ရခြင်းဖြစ်တယ်။ ” ရွေးကောက်ပွဲမှာအနိုင်ရရှိပါကလည်း ပထမဦးဆုံးအနေနဲ့ ကယားပြည်နယ်အတွင်း မြေယာဆုံးရှုံးမှုပြဿနာကို  ပြောဆိုလုပ်ဆောင်သွားမယ်လို့လည်း ဦးစောခူးတလေက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခွန်းမြင့်နိုင်ကတော့ သူ့အနေနဲ့ ဒေသခံတယောက်ဖြစ်တဲ့အပြင် ဒီးမော့ဆိုမြို့နယ်က ရွာတိုင်းကို ဝင်ထွက်သွားလာတဲ့အတွက် ဒေသခံတွေရဲလိုအပ်ချက် အတွက်လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဝင်ရောက်အရွေးခံတာလို့ ပြောပါတယ်။ “ ဒီဒေသအကြောင်း အထူးသဖြင့် ဒီမော့ဆိုမြို့နယ်အကြောင်းကို ကျနော် တော်တော်များများကို သိပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ရွာအားလုံးကိုလည်း ကျနော်အက်ကြောင်းထအောင် အမြဲတမ်းသွားလာနေတဲ့လူတယောက်ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း ကျနော် နှစ်ရှည်လများ လုပ်နေတဲ့လူတယောက်ဖြစ်ပါတယ်။ ဆိုတော့ ဒေသခံပြည်သူလူထုတွေက သူတို့ရဲ့စားဝတ်နေရေးက ဘယ်လိုရှိနေသလဲ၊ သူတို့ရဲ့လုံခြုံရေးက ဘယ်လိုရှိနေသလဲ၊ သူတို့ရဲ့မျှော်လင့်ချက်တွေက ဘာတွေလဲဆိုတာ ကျနော်သိတယ်။ ဒါကြောင့်မို့လို့ ဒီဒေသရဲ့ မျှော်လင့်ချက်တွေကို ကျနော်အတတ်နိုင်ဆုံး သူတို့နဲ့အတူ ပူးပေါင်းပြီးတော့ ပါဝင်လုပ်ဆောင်ဖို့အတွက် ကျနော်ဆိုင်းပြင်းထားပါတယ်။” ဒီးမော့ဆိုမြို့နယ်မှာ  ရွာပေါင်း ၁၇၀ ကျော်ရှိပြီး  ၁၅၀ နီးပါးလောက်ဟာ  ရေအခက်အခဲဖြစ်ကြတဲ့ကျေးရွာတွေဖြစ်သလို ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းဟာ စပါးတွေကို အဓိကထား စိုက်ပျိုးတဲ့ဒေသဖြစ်တဲ့အတွက် ရေရရှိရေးနဲ့ ဒေသခံစိုက်ပျိုးတောင်သူ ရေအခက်အခက်ဖြေရှင်းနိုင်ရေးကို အနိုင်ရရှိတဲ့အခါ အဓိကထား လုပ်ဆောင်သွားမယ်လို့လည်း ခွန်းမြင့်နိုင်က ပြောပါတယ်။ ကယားပြည်နယ်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီနဲ့ ကယားအမျိုးသားပါတီဟာ မဟာမိတ်ပြုလုပ်ထားပြီး ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။  နော်နိုရင်း၊ မြတ်သူရထွန်း
8 months Ago
Up