KnockOut Round

November 6, 2020

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ KnockOut Round အကြိတ်အနယ်ယှဉ်ပြိုင်မည်(ရုပ်သံ)

       လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ တတိယအဆင့် KnockOut Round ပြိုင်ပွဲကို ခုတပတ်က စတင်ကျင်းပတော့မှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင် ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက် ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲတွေကို ကျင်းပနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီ တင်းပတ်မှာတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Team တခုမှာ ပြိုင်ပွဲဝင် ၈ ယောက်စီနဲ့ ဒီအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သူ ၃၂ ယောက်သာ ကျန်ရှိနေခဲ့ကာ ခုလာမယ့် တတိယအဆင့် KnockOut Round မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ထုတ်လွှင့်ပြသတော့မယ့် KnockOut Round အဆင့် မှာရော သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ် အနယ် ယှဉ်ပြိုင်ကြဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
1 year Ago
Up