ကရင်နီဒေသမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတဝိုက်မှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားကြဖို့ တော်လှန်ရေး ရဲဘော်တွေက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက ကရင်နီဒေသရဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော၊ မိုးဗြဲ၊ လွိုင်ကော်နဲ့ ပင်လောင်းဒေသ အနီးနားတွေကို စစ်အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်တင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းကို တနိုင်တပိုင် တူးထားကြဖို့ KNDF, KPDF နဲ့ တခြားရဲဘော်တွေက တိုက်တွန်းကြပါတယ်။
စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကိုပါ ဦးတည်ပြီး လက်နက်ကြီးနဲ့အပြင် လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမဖြစ်စေဖို့ ရည်ရွယ်ပြီး အခုလို သတိပေးထုတ်ပြန်တာ ဖြစ်တယ်လို့လည်း KPDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကရင်နီပြည်နယ်မှာရှိတဲ့ ရှေ့တန်းရောက်ရဲဘော်တယောက်က “စစ်ပွဲက ကိုယ်နဲ့နီးလာပြီဆိုရင်ဖြစ်ဖြစ် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၁၀ မိုင်အကွာလောက်မှာ ရှိနေရင် ခါးတဝက်စာ၊ ဒါမှမဟုတ် ရင်ဘတ်နားလောက်ထိ L ပုံစံ တူးစေချင်တာ၊ ပြီးရင် သစ်တုံးတွေကိုတင်ပြီး အပေါ်ကနေ သဲအိတ်တွေ ထပ်တင်ထားစေချင်တာ” လို့ ပြောပါတယ်။
တကယ်လို့ အရေးပေါ်အခြေအနေမှာဆိုရင်တော့ နှစ်ပေပတ်လည် ငုံ့ပြီး ထိုင်လိုရတဲ့ အနေအထားမျိုး တူးရင်လည်း ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာတွေကို ဂျီနီဗာကွန်ဗန်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေက ပိတ်ပင်တားမြစ်ထားပေမဲ့ တော်လှန်ရေးအားကောင်းတဲ့ မြိုနယ်တွေကိုတော့ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးချိန်ကစပြီး အခုနှစ်ဆန်းပိုင်းအထိ ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၀၀ ထက်မနည်း အသုံးပြုခဲ့ပြီး ပြည်တွင်းအဖွဲ့စည်းတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက တားမြစ်ထားပေမဲ့ ဒီနေ့ချိန်ထိ လေကြောင်းအသုံးပြု တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်အရပ်သား ပြည်သူ ၈ ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲဒီထဲက သက်ကြီးရွယ်အို ၂ ယောက်နဲ့ ၇ တန်းကျောင်းသား ကလေးသူငယ် ၁ ယောက်ကို မီးရှို့သတ်ဖြတ်ပစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်က စတင်ကာ ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်း ကုရင်ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် မတ် ၁၂ ရက်မှာတော့ ကုရင်ကျေးရွာအုပ်စု စစ်ရှောင်စခန်းအတွင်း ဝင်ရောက်ပြီး စစ်ရှောင် ၈ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ၃ ယောက်ကို သတ်ဖြတ်ခဲ့ကာ ၅ ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၁၁ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ-၄၂၃ တပ်ရင်းကို နေ့လယ် ၁၂ နာရီလောက်ကစတင်ကာ KNDF-B03၊ ဖယ်ခုံ PDF တပ်ရင်း-၂၊ အလယ်ပိုင်းတိုင်း PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အဆိုပါ ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သလို သေဆုံးနေတဲ့ အလောင်း ၁၉ လောင်းကို တွေ့ရှိခဲ့ရပြီး MA-3 ၂ လက်၊ MA-2 ၁ လက်၊ MA-1 ၁လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမ ပြောင်း ၂ ပြောင်း၊ RPG ၂ လက်နဲ့ ခဲယမ်းတွေ၊ အသုံးအဆောင်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မတ် ၁၂ ရက် ထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးနေတာကို တွေ့ရကာ တိုက်ပွဲအတွင်း ဒေသခံ KNDF B (03) တပ်ရင်းဘက်က ရဲဘော် ၂ ယောက်နဲ့ ဖယ်ခုံ PDF တပ်ရင်း-၂ က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၁၂ တရက်တည်းမှာပဲ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တောင်ကုန်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNDF B (02)၊ B (03)၊ ဖယ်ခုံ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က ဂျက်လေယာဥ် ၂ စီးနဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်ရဲ့ အလောင်းတွေနဲ့ အသုံးအဆောင်တွေလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၁၃ ရက် ည ၁၂ နာရီကျော်လောက်မှာတော့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်မ-၆၆ က တပ်သား ၁ ယောက် ကင်းထောက် ကျွံဝင်လာခဲ့ရာ KNDF-B09 က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးသွားပြီး သူကိုင်ဆောင်ခဲ့တဲ့ MA-3 သေနတ် ၁ လက်နဲ့ ကျည်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး လူဦးရေ ၁၇ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အခု ၂၀၂၃ ခုနှစ် ပထမ ၂ လတာအတွင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၅၄,၀၀၀ လောက် ရှိခဲ့ပြီး တောတောင်တွေထဲမှာ နေထိုင်နေကြရကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ရေတွက်ရင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၁ ဒသမ ၃ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။