kio

January 25, 2022

မြစ်ကြီးနားမြို့ စျေးဆိုင်များရှိ စစ်တပ်ထုတ်ကုန် ဘီယာဖာ ၂၀၀ ကျော်ကို ကေအိုင်အိုက ဖျက်ဆီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်းက စျေးဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာ ၂၀၀ ကျော်ကို ကေအိုင်အိုက ဇန်နဝါရီ ၂၄ရက်နေ့က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။  

ကေအိုင်အိုက စစ်ကောင်စီပိုင်ထုတ်ကုန်တွေဖြစ်တဲ့ ဘီယာတွေကို ရောင်းချ သယ်ဆောင်တာ မပြုလုပ်ဖို့ စာထုတ်ပြန်ပြီးနောက်မှာ ရောင်းချနေတဲ့ စျေးဆိုင်တွေက ဘီယာတွေကို အခုရက်ပိုင်း ဆက်တိုက် ဖျက်ဆီးအရေးယူနေတာ ဖြစ်ပါတယ်။ 

မြစ်ကြီးနားခရိုင်အတွင်း စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ အကျိုးတူလုပ်ငန်းဖြစ်တဲ့ ဘီယာတွေကို ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သယ်ယူပို့ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့ မြစ်ကြီးနားခရိုင် ကေအိုင်အိုက ဇန်နဝါရီ ၄ ရက်နေ့က စာထုတ်ပြန်ခဲ့တာပါ။

စစ်တပ်ထုတ်ကုန် ဘီယာတွေကို ဇန်နဝါရီ ၁၀ ရက်​နေ့ ​နောက်ဆုံးထားပြီး မ​ရောင်းချဖို့ သတိပေးစာထုတ်ပြီး​နောက် ဆက်လက်​ရောင်းချ​နေတဲ့ ဆိုင်တွေကို လိုက်လံစစ်​ဆေးပြီး ဘီယာတွေကို ဖျက်ဆီးလိုက်သလို ဒဏ်​ငွေ​​ဆောင်ခိုင်းတာလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကေအိုင်အိုက ခုတလော ဆက်တိုက် စစ်တပ်ထုတ်ကုန်ဘီယာတွေကို ဆက်တိုက်ဆိုသလို ရောင်းနေတာရှိလား လိုက်စစ်ဆေးနေတာ။ မရောင်းနဲ့ ပြောလည်း တစ်ချို့ဆိုင်တွေ ခိုးရောင်းကြတယ်။ သတိပေးစာလည်း ထုတ်တယ်။ မိတော့ ဖျက်ဆီးတယ်၊ ဒဏ်ငွေဆောင်ခိုင်းတယ်။ ဒီစစ်တပ်ထုတ်ကုန်တွေကို သေချာ ဘွိုင်ကော့ လုပ်သင့်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား - ပူတာအိုလမ်း၊ မြစ်ကြီးနား - တနိုင်းလမ်း၊ မြစ်ကြီးနား - မန္တလေးကားလမ်းတွေက စစ်ကောင်စီထုတ်ကုန် သယ်ဆောင်လာတာတွေကိုလည်း ကေအိုင်အိုနဲ့ PDF အဖွဲ့တွေက ပူးပေါင်းဖျက်ဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

12 hours Ago

November 2, 2021

ထန်တလန်မြို့က ညီနောင်ချင်းလူမျိုးများနှင့် ထပ်တူဝမ်းနည်းကြောင်း KIO၊ NMDAA၊ TNLA နှင့် AA ကြေညာ

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားတွေရဲ့ နေအိမ် အဆောက်အအုံတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ မီးလောင်ပျက်စီးခဲ့ရတာကို ဝမ်းနည်းကြေကွဲစွာ မြင်တွေ့ရကြောင်း KIO၊ NMDAA၊  TNLA နဲ့  AA မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဒီလိုအကြမ်းဖက်ခံရတဲ့တွက် ပူဆွေးသောက ခံစားနေရတဲ့ထန်တလန်မြို့သူမြို့သားတွေ၊ ညီနောင်ချင်းလူမျိုးတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က နိုဝင်ဘာ၁ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဘယ်လို ဖြေရှင်းချက်တွေ  ပြုလုပ်ပေမယ့် အမှန်တရားကို ဖုံးကွယ်လို့ မရနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အလားတူ မြောက်ပိုင်းမဟာ မိတ်အဖွဲ့တွေဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NMDAA)  ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော်(AA) အဖွဲ့တွေကလည်း ထန်တလန်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖိနှိပ်ခံ ညီနောင်သွေးချင်းတွေ ကြေကွဲဝမ်းနည်းခံစားရသလို ထပ်တူ ခံစားရကြောင်း ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်ထန်တလန်မှာလိုပဲ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း  လွန်ခဲ့တဲ့လတွေက အလားတူ ဖြစ်ရပ်တွေရှိခဲ့တဲ့အတွက်  စိတ်မကောင်းကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဟာ အခုလို အလားတူ ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို လွန်ခဲ့တဲ့နှစ်ကာလတွေမှာ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့ အခြေပြုလှုပ်ရှားရာ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ဒေသတွေမှာ ကြိမ်ဖန်များစွာ ပြုလုပ်ထားခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက်က အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထန်တလန်မြို့က နှစ်ခြင်းအသင်းတော် ၄ ထပ်အဆောက်ဦနဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ ခုအပါဝင် နေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပါတယ်။

ထန်တလန်မြို့မှာ အိမ်ခြေ ၁၈၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ကာ မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အများစုက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့  အဆိုပါမီးရှို့မှုကို ဝန်ခံခြင်းမရှိဘဲ PDF တွေမီးရှို့တာလို့ တုံ့ပြန်စွပ်စွဲထားပါတယ်။ 

3 months Ago
More News
Up