Kevin Kwan

July 13, 2020

နာမည်ကြီး Crazy Rich Asians စာရေးဆရာ၏ ဝတ္ထုသစ်ကို ရုပ်ရှင်ရိုက်ကူးမည်

နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Crazy Rich Asians စာရေးဆရာ Kevin Kwan ရဲ့ နောက်ထပ်ဝတ္ထုတပုဒ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်သွားဖို့ ရှိနေပါတယ်။ အဲဒီစာအုပ်ရဲ့ နာမည်ကိုတော့ Sex And Vanity လို့ အမည်ပေးထားတာဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့က ထွက်ရှိလာခဲ့အပြီးမှာ Sony Pictures ကနေ ရုပ်ရှင်ရိုက်ကူးဖို့ ဝယ်ယူလိုက်တာပါ။ ဒီရုပ်ရှင်ကားသစ်ကိုတော့ အရင် Crazy Rich Asians ရုပ်ရှင်ကား ထုတ်လုပ်ခဲ့တဲ့ SK Global Entertainment နဲ့ ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Crazy Rich Asians ရုပ်ရှင်ကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jonathan Murray Chu က ရိုက်ကူးခဲ့ပြီး ဆယ်စုနှစ် ၂ ခုကျော်အတွင်းမှာ ထူးထူးခြားခြား အာရှသရုပ်ဆောင်တွေချည်း အသုံးပြုထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတကားအနေနဲ့ စာရင်းဝင်ခဲ့ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ အဓိကဇာတ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Constance Wu နဲ့ Henry Goldings တို့ဟာလည်း ပိုမိုလူသိများလာခဲ့ပြီး ဒီရုပ်ရှင်ဟာ တကမ္ဘာလုံးမှာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ စာရေးဆရာ ကွမ်းကတော့ Sony Pictures၊ SK Global တို့နဲ့ ထပ်ပြီးတော့ တွေ့ဆုံ အလုပ်လုပ်ရမယ့်အပေါ် အထူးပျော်ရွှင်နေကြောင်း ထုတ်ပြန်ချက်တခုမှာ ဖော်ပြလိုက်ပါတယ်။ ခုအသစ်ထပ်မံထွက်ရှိလာတဲ့ Sex And Vanity ဟာ ကြွယ်ဝချမ်းသာမှု၊ အချစ်နဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ခြားနားမှုတွေကို အခြေတည်ထားပေမယ့် Crazy Rich Asians ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဝတ္ထုထဲမှာတော့ ချမ်းသာကြွယ်ဝတဲ့ မိဘမျိုးရိုးက ဆင်းသက်လာတဲ့ Lucie Churchill ဟာ ချမ်းသာတဲ့ အမျိုးသားတယောက်နဲ့ စေ့စပ်ခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာမယ့် တရုတ်-ဩစတြေးလျ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ကြမယ့် လှိုင်းတံပိုးတွေနဲ့ ဖန်တီး ရေးသားထားခဲ့တာလို့ ဆိုပါတယ်။ အရင်ရုပ်ရှင်ကား Crazy Rich Asians ရဲ့ နောက်ဆက်တွဲစာအုပ် Crazy Rich Girlfriend ကိုတော့ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက ဆက်လက်ရိုက်ကူးဖို့ ပြင်ဆင်နေတာပါ။
1 year Ago
Up