KDDI ကုမ္ပဏီ

December 1, 2019

၂ နှစ်အတွင်း အကြိမ် ၂ သောင်းကျော် ဖုန်းခေါ်ပြဿနာရှာသည့် ဂျပန်အဘိုးအို အဖမ်းခံရ

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တယ်လီဖုန်းအော်ပရေတာဆီကို အကြိမ်ရေ ၂၄၀၀၀ ကျော်ဖုန်းခေါ် ပြသနာရှာသူ ဂျပန်နိုင်ငံက အဘိုးအိုတဦး ဖမ်းဆီးခံရခဲ့တယ်လို့ ladbible သတင်းမှာ ဖော်ပြပါတယ်။ ဖုန်းခေါ်သူဟာ အသက် ၇၁ နှစ်အရွယ် အကီတိုရှီ အိုကာမိုတိုဖြစ်ပြီး သူဟာ ကုမ္ပဏီဘက်ကစာချုပ်ပါ အချက် အလက်တွေကို ချိုးဖောက်ခဲ့လို့ သူ့ကို ပြန်တောင်းပန်တာလိုချင်တယ်ဆိုပြီး KDDI ကုမ္ပဏီကို ထပ်ကာထပ်ကာ ဖုန်းဆက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံတွင်း သတင်းတွေအရ နိုင်ငံတွင်းမှာရှိတဲ့ သက်ကြီးပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ဖုန်း ကုမ္ပဏီတွေကို မကြာခဏဆိုသလို ဖုန်းဆက်ပြီး အီးမေးလ်အသုံးပြုနည်း Netflix ချိတ်ဆက်နည်း တွေကို မေးမြန်းလေ့ရှိပါတယ်။ လက်တွေ့မှာ ဒီလိုမေးမြန်းမှုမျိုးတွေက ကုမ္ပဏီရဲ့ ကာစတန်မာ ဆားဗစ်ဝန်ထမ်းတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့လည်း သိရပါတယ်။ အိုကာမိုတိုဟာ ဂျပန်နိုင်ငံအလယ်ပိုင်း ဆိုင်တာမာစီရင်စု၊ ကာဆူကာဘီမြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့လက တပတ်အတွင်းမှာတင် ကုမ္ပဏီရဲ့ကာစတန်မာဆားဗစ် ဖုန်းနံပါတ်ကို ၄၁၁ ကြိမ် ဖုန်းခေါ်ဆိုခဲ့ပြီးတဲ့နောက်မှာ ဖမ်းဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အိုကာမိုတိုဟာ အကြိမ်ပေါင်းများစွာ ဖုန်းဆက်ပြီးတော့ ကုမ္ပဏီရဲ့လုပ်ပုံကိုင်ပုံတွေဟာ တရားမျှတမှု မရှိဘူးလို့ စောဒကတက်ခဲ့ပြီး အဲဒီအတွက် သူ့ကို ပြန်တောင်းပန်ဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။  ဒီဖြစ်ရပ်မှာ KDDI ကုမ္ပဏီဘက်က တရားစွဲဆိုဖို့အထိ အစီအစဉ်မရှိခဲ့ပေမယ့် အိုကာမိုတိုရဲ့ ထပ်ကာထပ်ကာ ဖုန်းခေါ်ဆိုမှုတွေက ဝန်ထမ်းတွေအတွက် အခက်အခဲဖြစ်လာချိန်မှာတော့ သူ့ကို တရားစွဲဖို့ ဖြစ်လာခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။  ဒီလိုမျိုး ကုမ္ပဏီကို ခဏခဏဖုန်းဆက်မှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက အိုကာမိုတိုရဲ့ ဖုန်းဟာ ရေဒီယိုလိုင်းတွေနဲ့ ချိတ်ဆက်အသုံးပြုလို့ မရတာကြောင့် ဖြစ်တယ်လို့လည်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ အိုကာမိုတိုဟာ လက်ရှိအချိန်မှာတော့ စီးပွားရေးလုပ်ငန်းတွေကို နှောင့်ယှက်မှုဥပဒေနဲ့ တရားစွဲခံထားရပြီး အမှုကိုတော့ စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်။
2 years Ago
Up