Jurassic World

June 22, 2018

Jurassic World: Fallen Kingdom ရုပ်ရှင် လက်မှတ်ရောင်းရငွေ စံချိန်တင်ရရှိနိုင်

အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေတဲ့ "Jurassic World: Fallen Kingdom" ရုပ်ရှင်ကားဟာ ဒီကနေ့မှာ လက်မှတ်ရောင်းရငွေ စံချိန်တင်ရရှိနိုင်တယ်လို့ ခန့်မှန်းခံထားရပါတယ်။ ဒီရုပ်ရှင်ဟာ အခုသီတင်းပတ်ကုန်ပိုင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၅ သန်းနဲ့ သန်း ၁၅၀ ကြား ရနိုင်ချေရှိတယ်လို့ ဟောလိဝုဒ် ရုပ်ရှင်လောကအကြောင်း ဖော်ပြနေတဲ့ ဒတ်လိုင်း အွန်လိုင်းစာမျက်မှာက ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ ပြည်ပနိုင်ငံတွေမှာ ပြသချိန် ဝင်ငွေဒေါ်လာ သန်း ၄၂၀ အထိ ရရှိထားပြီး ဖြစ်ပါတယ်။ ဒုတိယ ဝင်ငွေအများဆုံး ရုပ်ရှင်ကားကတော့ အန်နီမေးရှင်း ကာတွန်းရုပ်ရှင်  "Incredibles 2" ဖြစ်ပြီး အခုသီတင်းပတ်ကုန်ပိုင်းမှာ ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ရနိုင်ချေရှိပါတယ်။ တတိယ ဝင်ငွေအများဆုံး ရုပ်ရှင်ကတော့ "Ocean's 8" ရုပ်ရှင်ကား ဖြစ်လာနိုင်ချေရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago

March 27, 2018

ဒိုင်နိုဆောတွေအကြောင်း တကျော့ပြန်ရိုက်ထားတဲ့ Jurassic World: Fallen Kingdom ရုပ်ရှင်

Isla Nublar ဆိုတဲ့ ကျွန်းပေါ်က Jurassic World အပန်းဖြေဥယျာဉ်ကြီးဟာ မျိုးရိုးဗီဇ ပြောင်းလဲဖန်တီးထားတဲ့ ဒိုင်နိုဆောကြီးတကောင် လွတ်မြောက်ရာကစလို့ ပျက်စီးသွားပြီးတဲ့နောက်ပိုင်း ကျွန်းပေါ်က ဒိုင်နိုဆောတွေဟာ လွတ်လွတ်လပ်လပ် သွားလာ အသက်ရှင် နေထိုင်နေကြပါတယ်။ ဒါပေမယ့် ပျက်စီးပြီး လေးနှစ်အကြာမှာတော့ ကျွန်းပေါ်က မီးတောင်ပေါက်ကွဲမယ့် အခြေအနေကြောင့် ဒိုင်နိုဆောတွေဟာ ကမ္ဘာပေါ်ကနေ ဒုတိယအကြိမ် ပျောက်ကွယ်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Jurassic World အပန်းဖြေဥယျာဉ်မှာ မန်နေဂျာဖြစ်ခဲ့တဲ့ Claire Dearing တယောက် ကျွန်းပေါ်မှာ မီးတောင်ပေါက်တော့မယ့် အခြေအနေကိုသိပြီး သူဖွဲ့စည်းထားတဲ့ "Dinosaur Protection Group" (ဒိုင်နိုဆောတွေကို ကယ်တင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း) နဲ့ ဒိုင်နိုဆောမျိုးစိတ်တွေ မျိုးသုဉ်းမယ့်အဖြစ်ကနေ ကယ်တင်ဖို့ ကျွန်းပေါ်ကို ပြန်သွားကြပါတယ်။ သူ့အဖွဲ့နဲ့အတူ ဒိုင်နိုဆောတွေကို ထိန်းကျောင်းလေ့ကျင့်ပေးတဲ့ Owen Grady ကိုလည်း ဒိုင်နိုဆောတွေကို ကယ်တင်မယ့် မစ်ရှင်မှာ ပါဝင်ဖို့ စည်းရုံးလို့ Owen တယောက်လည်း ကျွန်းပေါ်ကို ထပ်သွားဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ မစ်ရှင်ကို ဆောင်ရွက်နေချိန်မှာပဲ သူတို့သိလိုက်ရတာက ဒိုင်နိုဆောတွေဟာ ကမ္ဘာကြီးတခုလုံးကို နောက်ထပ်တခါ ပြန်လည်သိမ်းပိုက်နိုင်တယ် ဆိုတာပါပဲ။ ကဲ ဒီတော့ ဒိုင်နိုဆောတွေကို ကယ်တင်တဲ့ မစ်ရှင်က ဘယ်လိုတွေ ဆက်ဖြစ်မှာလဲ။ ဒီ သိပ္ပံစွန့်စားခန်း အမျိုးအစား ဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Jurassic World ဇာတ်ကားရဲ့ ဒုတိယမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားထဲမှာ ပထမကားက ဇာတ်ဆောင်တွေဖြစ်တဲ့ Chris Pratt နဲ့ Bryce Dallas Howard တို့က ပြန်လည်ပါဝင်ထားပြီး ဟိုးအရင် Jurassic Park ဇာတ်ကား ၂ ကားထဲမှာ Dr. Ian Malcolm အဖြစ် သရုပ်ဆောင်တဲ့ Jeff Goldblum လည်း ဒီဇာတ်ကားမှာ ပြန်လည်ပါဝင်လာပါတယ်။ ဒါရိုက်တာ - J. A. Bayona သရုပ်ဆောင်များ - Chris Pratt, Bryce Dallas Howard, B. D. Wong, James Cromwell, Ted Levine, Justic Smith, Geraldine Chaplin and Jeff Goldblum. သတင်း - ကျော်နေသွေး
3 years Ago
Up