နာမည်ကြီး အမေရိကန်တေးရေးနဲ့ အဆိုတော်ကြီး John Prine ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ဧပြီလ ၇ ရက်နေ့မှာတော့ ကွယ်လွန်သွားပါတယ်။
သူဟာ သေဆုံးချိန်မှာ အသက် ၇၃ နှစ်အရွယ် ရှိပြီး နက်ရှ်ဗီးလ်မြို့၊ Vanderbilt University Medical Center မှာ တက်ရောက်ကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။
Prine ဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဆေးရုံမှာ တက်ရောက်ကုသနေရတဲ့အကြောင်း ပြီးခဲ့တဲ့လပိုင်းက သူ့ရဲ့ တွစ်တာ အင်တာနက်လူမှုကွန်ရက်ပေါ်မှ တဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ကင်ဆာရောဂါကြောင့် ၁၉၉၆ ခုနှစ်ကတကြိမ်၊ ၂၀၁၃ ခုနှစ်မှာ တကြိမ် ခွဲစိတ်ကုသမှုတွေလည်း ခံထားခဲ့ရသူ ဖြစ်ပါတယ်။
ရာစုနှစ်တဝက်ကျော်ကျော် ဂီတလောကမှာ လျှောက်လှမ်းခဲ့တဲ့ Prine ရဲ့ “Angel From Montgomery,” “Sweet Revenge” နဲ့ “In Spite of Ourselves” သီချင်းတွေကတော့ ပရိသတ်တွေ မမေ့နိုင်စရာ သီချင်းတွေ ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ်။
အီလီနွိုက်စ်ပြည်နယ်၊ Maywood မှာ ကြီးပြင်းခဲ့တဲ့ Prine ဟာ သူ့အသက် ၁၄ နှစ်အရွယ်မှာ ဂစ်တာပညာကို စတင်လေ့လာသင်ယူခဲ့ပြီး ချီကာဂိုမြို့၊ Old Town School of Folk Music မှာ ဂီတနဲ့ ပတ်သက်ပြီး သင်ကြားခဲ့တာပါ။
အနောက်ဂျာမနီမှာ အမေရိကန်စစ်တပ်နဲ့ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့အပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့ ချီကာဂိုကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက်မှာတော့ သူ ဝါသနာပါရာ သီချင်းသီဆိုရေးသားတာတွေကို စတင်လုပ်ဆောင်နေခဲ့ပါပြီ။
အဲဒီနောက်မှာတော့ သူ့နာမည်နဲ့ပဲ ထုတ်ဝေတဲ့ တေးအယ်လ်ဘမ်ကို ၁၉၇၁ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆက်တိုက်ပဲ ဆယ်စုနှစ်နဲ့ချီ တေးအယ်လ်ဘမ်တွေ ဆက်တိုက်ထုတ်နိုင်ခဲ့ပြီး ဂီတလောကမှာ ပရိသတ် လက်ခံအားပေးမှုနဲ့ လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂီတလောကရဲ့ နာမည်ကြီးတေးဂီတထူးချွန်ဆုတဆုဖြစ်တဲ့ ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ Prine ရဲ့ ဂီတသက်တမ်းတလျှောက် ၁၁ ကြိမ်စာရင်းဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ်က ထွက်ရှိတဲ့ The Missing Years ၊ ၂၀၀၅ ခုနှစ်က ထွက်ရှိတဲ့ Fair & Square တေးအယ်လ်ဘမ်တွေနဲ့ Best Contemporary Folk Album ဆုတွေ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ Prine ကို တသက်တာ ဂရမ်မီထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်ခံထားခဲ့ရတာ ဖြစ်ပါတယ်။
11 months Ago