JMC-U

January 30, 2021

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်က JMC-U ကို ကန်ဒေါ်လာ ၃ သိန်းလှူဒါန်း

မြန်မာနိုင်ငံ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကို တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၃ သိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

လှူဒါန်းငွေပေးအပ်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံ လှူဒါန်းငွေ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူး Mr. Yang Shouzheng၊ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

သံအမတ်ကြီး  Mr. Chen Hai က ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်ဆိုပြီး ကြေညာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်တွေ့လိုအပ်ချက်အရ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ JMC-U နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်ထံ လှူဒါန်းငွေ ပေးအပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

JMC-U က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးကဏ္ဍတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး တရုတ်နိုင်ငံအနေနဲ့ JMC အပါအဝင် မြန်မာနိုင်ငံ ဘက်အသီးသီးနဲ့ ချိတ်ဆက်မှုကို ထိန်းသိမ်းထားကာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်သွားမယ်လို့ သံအမတ်ကြီး  Mr. Chen Hai က ပြောကြားခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တရုတ်နိုင်ငံရဲ့ ကူညီမှုကို ကောင်းမွန်စွာအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းမှုဆွေးနွေးရေးလုပ်ငန်းကို ဆက်လက်ဖော်ဆောင်ကာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

12 months Ago

June 23, 2020

ပြည်ထောင်စုအဆင့် JMC-U အစည်းအဝေး ဇူလိုင်လဆန်း ပြန်လည်ကျင်းပမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ ၁၉ ကြိမ်‌မြောက် အစည်းအဝေးကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပြန်လည်ခေါ်ယူဖို့ ဇွန်လ ၂၂ ရက်နေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူညီမှုရခဲ့တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။ JMC-U ၁၈ ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်နှစ်နဲ့၁၀လကြာမှ အစည်းအဝေးကို ပြန်ခေါ်နိုင်ခဲ့တာပါ။ JMC-Uအစည်းအဝေးပြန်ခေါ်နိုင်တာဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။ အခုဇွန်လ ၂၃ ရက်ကနေ  ၂၅ ရက်‌အထိ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံစည်းဝေးပွဲတစ်ရပ်ကို ရန်ကုန်မြို့NRPC ရုံးမှာ  စတင်ကျင်းပနေပါတယ်။ ဒီအစည်းအဝေးမှာတော့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကျင်းပမယ့်ရက်ကို ညှိနှိုင်းဆွေးနွေး အတည်ပြုမှာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပမယ့်အချိန်ကို သတ်မှတ်ရာမှာ အစုအဖွဲ့အားလုံးနဲ့ သင့်လျော်အဆင်ပြေမယ့် အချိန်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ကပြောပါတယ်။ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ဇူလိုင်လ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားပြီး အပစ်ရပ်အဖွဲ့တွေဘက်ကတော့ ဩဂုတ်လမှာ ကျင်းပဖို့ အဆိုပြုထားတယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ကိုယ်စားလှယ်ရဲဘော်မျိုးဝင်းကပြောပါတယ်။
2 years Ago
Up