Jim Carrey

February 12, 2020

နာမည်ကျော်ဗွီဒီယိုဂိမ်းကို ရုပ်ရှင်အဖြစ်ရှုစားကြရမည့် Sonic The Hedgehog ရုပ်ရှင်(နမူနာ)

နာမည်ကျော်ဗွီဒီယိုဂိမ်းကို Live Action ရုပ်ရှင်ကားအနေနဲ့ ရှုစားကြရမယ့် Sonic The Hedgehog ရုပ်ရှင်ကို မြန်မာနိုင်ငံမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ Paramount Pictures ကနေ တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jeff Fowler က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ Sega Game Company ရဲ့ နာမည်ကျော် Video Game Franchise တခုဖြစ်တဲ့ Sonic The Hedgehog ကို အခြေခံပြီး ရိုက်ကူးထားခဲ့တာဖြစ်ပြီး ငယ်ငယ်က Sonic ဂိမ်း ပရိသတ်တွေအတွက် ပြန်အမှတ်ရစေမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကျောရိုးကတော့ အားလုံး သိကြပြီးတဲ့အတိုင်း တခြားဂြိုဟ်တခုကနေ ကမ္ဘာမြေဆီ ရောက်လာခဲ့တဲ့ အပြာရောင်ကောင်လေး Sonic ဟာ ကမ္ဘာမှာ အသားကျအောင် လုပ်ဆောင်နေရချိန်မှာပဲ အင်အားပြင်းတဲ့ လျှပ်စစ်ပြတ်တောက်မှုကြီးတခုကို မတော်တဆ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီပါဝါကို အသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်အုပ်စိုးဖို့ ကြိုးစားမယ့် Dr. Robotnik က Sonic ကို လိုက်လံဖမ်းနေတဲ့အတွက် ထွက်ပြေးရှောင်းပုန်းနေရင်း Sonic ဟာ သူ့မိတ်ဆွေအသစ် Tom Wachowski ရဲ့ အကူအညီနဲ့ ပြန်တိုက်ခိုက်ရင်း လွတ်မြောက်အောင် လုပ်ဆောင်ကြမယ့် အခြေအနေတွေနဲ့အတူ ဘယ်လို ရိုက်ကူးပုံဖော်ထားမလဲဆိုတာတွေကို အဲန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့အတူ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲက အဓိက ဇာတ်ကောင် Sonic နေရာမှာတော့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသား Ben Schwartz က ပါဝင်ထားပြီး နာမည်ကျော် ဟာသသရုပ်ဆောင်မင်းသား Jim Carrey ကိုတော့ ဗီလိန်ဇာတ်ကောင် Dr. Robotnik အနေနဲ့ ပရိသတ်တွေက ထူးထူးခြားခြား မြင်တွေ့ကြရမှာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့်သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၈၅ သန်းနဲ့ ၉၅ သန်းကြား အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး Box Office မှာတော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁ သန်းနဲ့ ၄၇ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ကြာမြင့်ချိန် ၉၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင် Trailer ဟာ လတ်တလောမှာတော့ ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေသန်း ၃၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up