JICM

August 13, 2020

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)တွင် ထည့်သွင်းမည့် အဓိကအချက်များ သဘောတူ

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမယ့်  အဓိက အပိုင်း ၃ ပိုင်းကို အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား JICM အကြိုညှိနှိုင်းအစည်းအဝေးမှာ  ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) အကြို ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက်ကနေ ၁၂ ရက်အထိ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ ပြုလုပ်ခဲ့တာပါ။ အစည်းအဝေး ၃ ရက်တာအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား အကျေအလည်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပြီး နောက်ဆုံးရက်မှာ တော့ သဘောတူညီချက်အချို့ရရှိခဲ့တာဖြစ်ပါတယ်။ သဘောတူညီမှုရခဲ့တဲ့  အဓိက အချက် ၃ ချက်ကတော့  အန်စီအေ အကောင်အထည်ဖော်ရေးမူဘောင် ၁၅ ချက်ရရှိထားတာ၊ ၂၀၂၀ အလွန်မှာ ဆက်လက်ဆွေးနွေးသွားမယ့် ခေါင်းစဉ်တွေနဲ့ အဆင့်များ ခေါင်းစဉ်ကြီး ၈ ခုရရှိတာနဲ့  ပြည်ထောင်စုအခြေခံမူတွေ၊  ဖက်ဒရယ် အခြေခံမူတွေ သဘောတူညီမှု ရရှိတာဖြစ်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း ၃ မှာ ထည့်သွင်းချုပ်ဆိုမယ့် အချက်တွေကို သဘောတူညီမှုရခဲ့တယ်ဆိုပေမယ့် နှစ်ဖက်အဖွဲ့အစည်းတွေအကြား ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ချန်ခဲ့ရတဲ့ အချက်တွေလည်း ရှိတယ်လို့ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ဩဂုတ် ၁၃ ရက်မှာ ပြုလုပ်မယ့် JICM အစည်းအဝေးအစီအစဉ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့  နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့် ဓာတ်ပုံ- NRPC
1 year Ago

August 10, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံး လက်ခံနိုင်သည့်အခင်းအကျင်းပေါ်လာရေး ဆွေးနွေးကြရန် တိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ပေါ်ထွက်လာစေအောင် ဆွေးနွေးညှိနှိုင်းကြဖို့ NRPC ဒုဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်တွေကို အဆင့်လိုက်အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးမယ့် ခေါင်းစဉ်ကြီး ၈ ခုကို ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ သဘောတူထားပြီး ဩဂုတ်လ ၁၀ ရက်က နေပြည်တော် NRPC မှာ ပြုလုပ်တဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးအတွင်း အသေးစိတ်ခေါင်းစဉ်တွေကို အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား ဆက်လက်ညှိနှိုင်းကြမှာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် အပြန်အလှန်နားလည်မှုနဲ့ အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းတွေ ပေါ်ထွက်လာအောင် ဆွေးနွေးကြဖို့ NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက တိုက်တွန်းခဲ့ပါတယ်။ JICM အစည်းအဝေးတွေကို အခုနှစ် ဇန်နဝါရီလအတွင်းက ၈ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး အခုလ ၁၃ ရက်နေ့မှာတော့ ၉ ကြိမ်မြောက်အစည်းအဝေးကို ပြုလုပ်မှာပါ။ ၈ ကြိမ်မြောက် JICM အစည်းအဝေးအတွင်းမှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား ဆုံးဖြတ်ချက်တချို့ ချမှတ်နိုင်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ဆက်လက်ဆွေးနွေးနေကြတာပါ။ အခုပြုလုပ်တဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးကိုတော့ ဩဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်တို့ ပြုလုပ်မှာဖြစ်ပြီး ဒီအစည်းအဝေး ကရရှိလာတဲ့ ရလဒ်တွေကို ဩဂုတ် ၁၃ မှာ ပြုလုပ်မယ့် JICM အစည်းအဝေးမှာ အတည်ပြုချက်ရယူမှာလည်း ဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
1 year Ago
Up