IBEC

March 11, 2021

သာသနာ့နယ်မြေအတွင်း သေနတ်ပစ်ဖောက်အကြမ်းဖက်မှုမလုပ်ရန် IBEC ဆရာတော် မေတ္တာရပ်ခံ

သာသနာ့နယ်မြေအတွင်း သေနတ်ပစ်ဖောက်အကြမ်းဖက်တာတွေ မလုပ်ရန် စစ်ကိုင်းတောင်ရိုး IBEC ဆရာတော်က အာဏာသိမ်း စစ်ကောင်စီကို မေတ္တာရပ်ခံ မိန့်ကြားလိုက်ပါတယ်။

စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင်ရွာ IBEC ကျောင်းဆိုင်းဘုတ်အနီးမှာ မတ်၁၀ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြ သပိတ်စစ်ကြောင်းက ကျောင်းသားလူငယ်ထုကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က သေနတ်တွေပစ်ဖောက်ကာ လိုက်လံဖမ်းဆီးခဲ့တာ‌ကြောင့် ဆန္ဒပြ ကျောင်းသားလူငယ်တွေ နီးစပ်ရာဘုန်းကြီးကျောင်းဝင်း‌တွေထဲ ဝင်ပုန်းခဲ့ရပါတယ်။

သပိတ်စစ်ကြောင်းကို ဖြိုခွင်းအပြီးမှာ ဆန္ဒပြကျောင်းသား ၄ ဦး အဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာတော့ တပ်မ ၃၃ အတွင်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ စစ်ကိုင်းတာင်ရိုး၊ IBEC ဆရာတော်ဦးသောဘိတ (စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင်) က မေတ္တာရပ်ခံခဲ့တာကြောင့် ခံဝန်ကတိရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ်တစ်ဦးက DVB ကိုပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့စစ်သားတွေက ခွင့်ပြုချက်မတောင်းဘဲ လက်နက်တွေနဲ့ IBEC ကျောင်းတော်အတွင်း ဝင်ရောက်ရှာဖွေပြီး ကျောင်းသားအချို့ကို ဖမ်းဆီးသွားခဲ့တဲ့ လုပ်ရပ်မျိုး နောက်နောင် မပြုလုပ်ကြဖို့ ဆရာတော်က မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

9 months Ago
Up