IATA

A d v e r t i s e m e n t With Us

April 16, 2020

COVID-19 ကပ်ဘေးကြောင့် ကမ္ဘာ့လေကြောင်းလိုင်းများ  ဒေါ်လာ ၃၁၂ ဘီလီယံအထိ ဆုံးရှုံးနိုင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် တကမ္ဘာလုံးက လေကြောင်းလိုင်းတွေရဲ့ ခန့်မှန်းခြေ ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၃၁၂ ဘီလီယံအထိ ရှိနိုင်တယ်လို့ နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေးအသင်း (IATA)က ခန့်မှန်းပြောကြားလိုက်ပါတယ်။ “နဂိုဟောကိန်းထုတ်ထားတာရဲ့  ၂၅ ရာခိုင်နှုန်း ပိုများတယ်။ စီးပွားရေးကျဆင်းမှု ဆိုးဝါးပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ ပြန်ဖွင့်ဖို့ မျှော်မှန်းအချိန်ကလည်း အရင်ကထက် ပိုနှေးနိုင်တယ်”လို့ IATA အဖွဲ့က  ဧပြီ ၁၄ ရက်မှာ ပြောပါတယ်။ မနှစ်ကနဲ့စာရင် ၂၀၂၀ မှာ ခရီးသည်တွေဆီက ပြန်ရငွေ ၅၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ လည်း ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ပြထားပါတယ်။ လေကြောင်းလိုင်းတွေဟာ လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရေး တိုက်ပွဲဝင်နေရတယ်လို့ (IATA) ရဲ့ ညွှန်ချုပ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ “လေကြောင်းလိုင်းတွေ ပြန်စနိုင်ဖို့ ပြည်တွင်းဈေးကွက်တွေကနေ တဆင့်ချင်း ချဉ်းကပ်သွားဖို့ ပုံစံထုတ်ထားတယ်။ အဲဒီကမှ ဒေသတွင်း၊ ကမ္ဘာ့တိုက်ကြီးတွေ အချင်းချင်းနဲ့ နိုင်ငံတကာထိ တဆင့်ချင်း ချဉ်းကပ်သွားဖို့ပါ” လို့ ညွှန်ချုပ်က ဆက်ပြောပါတယ်။ ဘယ်တော့ အဆုံးသတ်မယ်ဆိုတာ မသိရသေးတဲ့ အသွားအလာ အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ ခရီးသွားတားမြစ် ကန့်သတ်ချက်တွေကြောင့် လေကြောင်းခရီးသွား လုပ်ငန်းဟာ ရပ်လုနီးပါး ဖြစ်ခဲ့ရတာပါ။ လေကြောင်းလိုင်းတွေ အများအပြားဟာ အကူအညီမရခဲ့ရင် သီတင်းပတ်တွေအတွင်း လုပ်ငန်းရပ်ရလိမ့်မယ်လို့ သတိပေးရင်း လေကြောင်းလိုင်းတွေ ရပ်တည်နိုင်ရေး အရေးပေါ် ကူညီဖို့ လည်း IATA က အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။
11 months Ago
Up