အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံတွေကိုစောင့်ကြည့်ဖို့တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ ၂၇ လုံးကို အီရန်အစိုးရကဖယ်ရှားပစ်လိုက်တယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ဇွန် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ဒီလိုဖယ်လိုက်တာဟာ ပြင်းထန်တဲ့စိန်ခေါ်မှုပဲလို့လည်း IAEA ညွှန်ကြားရေးမှူးချုပ် ရာဖှယ် မာရီယာနို ဂရောက်ဇီက သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်အရ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားရတာဖြစ်ပြီး IAEA က စောင့်ကြည့်နေတဲ့ကင်မရာတွေအပါအဝင် ထပ်တိုး ပစ္စည်းကိရိယာ အားလုံးကို အီရန်ဘက်က ဖယ်လိုက်တာပါ။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အီရန်အစိုးရကတော့ ချက်ချင်း အတည်မပြုပါဘူး။
သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ မဖြစ်နိုင်သေးမီ သုံးပတ်မှ လေးပတ် မတိုင်ခင်မှာ ခုလိုဖယ်လိုက်တာလို့ IAEA ရဲ့ အကြီးအကဲက ပြောပါတယ်။
“ဒါက (သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့) ပြင်းထန်တဲ့ ထိုးနှက်ချက်လို့ ကျနော် ထင်တယ်”လို့ ဂရောက်ဇီက ပြောပါတယ်။
ဇွန် ၈ ရက်မှာ အီရန်ဟာ နန်းတက်ဇ်က ယူရေနီယံ ကြွယ်ဝရေး အစီအစဉ်ကို စောင့်ကြည့်ဖို့ IAEA က သုံးနေတဲ့ စက်နှစ်လုံးကို ပိတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံတွင်း မကြေညာရသေးတဲ့ နေရာသုံးခုမှာ တွေ့ရတဲ့ နျူကလီးယားပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက်တွေကိုပေးဖို့ ပျက်ကွက်မှုအတွက် IAEA ဘုတ်အဖွဲ့က မဲခွဲဆုံးဖြတ်တာ မလုပ်ခင်လေးမှာ အီရန်က လုံခြုံရေး ကင်မရာတွေကို ခုလို ဖြုတ်ပစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂလက်အောက်ခံ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ဟာ နိုင်ငံတကာ အထူးတာဝန်ခံ ပညာရှင်တွေကို ရုရှားက ထိန်းချုပ်ထားတဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဆီ စေလွှတ်လိုက်တယ်လို့ အဖွဲ့အကြီးအကဲ ရာဖယ် ဂရော့ဇီက ဇွန် ၆ ရက်မှာ ပြောလိုက်ပါတယ်။
ဥရောပရဲ့ အကြီးဆုံးဖြစ်ပြီး ယူကရိန်းနိုင်ငံ ဇာပိုရစ်ချ်ဇီယာအရပ်က နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ယူကရိန်းဝန်ထမ်းတွေဟာ ရုရှားရဲ့ အမိန့်အောက်မှာ အလုပ်လုပ်နေရလို့ ဘေးကင်းမှုဆိုင်ရာ ဘေးအန္တရာယ် ရှိနေတယ်၊ စစ်ဆေးရေးကို ကိုယ်တိုင်ဦးဆောင်ချင်တယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အကြီးအကဲ ဂရော့ဇီက ပြောပါတယ်။
Zaporizhzhia Nuclear Power Plant (ZNPP) ကို အပိုပစ္စည်းတွေ ထောက်ပံ့ရေးအတွက် စိုးရိမ်မိတယ်လို့ ဂရော့ဇီက နိုင်ငံပေါင်း ၃၅ နိုင်ငံက IAEA အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့ သုံးလပတ်အစည်းအဝေးမှာ ပြောခဲ့ပြီး နျူကလီးယားပစ္စည်းများဆိုင်ရာ အချက်အလက်တွေ မပါသေးဘူးလို့ ပြောခဲ့ပါတယ်။
ဘုတ်အဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂရော့ဇီက ယူကရိန်း၊ ရုရှားတို့နဲ့ ဆက်ပြီး တိုင်ပင်ဆွေးနွေးနေပေမဲ့ အချက်အလက်တွေကို ထပ်မမျှနိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။