ဟောလိဝုဒ်နာမည်ကြီးဇာတ်ကားတကားဖြစ်တဲ့ Hunger Game မင်းသမီး ဂျနီဖာ လောရန့်စ်ဟာ ဇာတ်ဝင်ခန်းတခု ရိုက်ကူးချိန်မှာ အထွတ်အမြတ်ထားတဲ့ ကျောက်တုံးကို ဟာသလုပ် ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။
သူ့ရဲ့ တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ အမူအရာတွေ၊ လက်တွေ့ဆန်ပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တာတွေက ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို တာရှည်ရရှိနေတာဖြစ်တယ်လို့ စီအန်အန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ ရုပ်ရှင်ရိုက်ကူးခဲ့ချိန် ခန္ဓာကိုယ်အောက်ပိုင်း ယားယံတဲ့အတွေ့အကြုံကို ပြန်ပြောင်းပြောခဲ့ချိန်မှာတော့ သူ့ရဲ့အပြုအမူဟာ လူမှုအသိုင်းအဝိုင်းမှာ လက်ခံလို့မရတဲ့ အပြုအမူ ဖြစ်နေခဲ့တာပါ။
မင်းသမီးက ဒုတိယမြောက် “Hunger Game” ရုပ်ရှင်ကို ရိုက်ကူးနေခဲ့ချိန်မှာ သူဟာ ယားယံတဲ့ဝေဒနာ ခံစားခဲ့ရတာကို သတိရပြီး အဲ့ဒီအတွေ့အကြုံကို ဘီဘီစီရဲ့ မေးမြန်းခန်းမှာ ဆိုးဆိုးရွားရွား ရိုင်းပျစွာ ပြောလိုက်တာပါ။
“ကျမတို့ ဟာဝိုင်ယီမှာ ရုပ်ရှင်ရိုက်တော့ အဲ့ဒီမှာ အထွတ်အမြတ်ထားတဲ့ ကျောက်တုံးတွေ ရှိတယ်။ အဲဒီကျောက်တုံးတွေပေါ်မှာ ထိုင်လို့မရဘူး။ ကျမက ရိုက်ကူးနေရတဲ့ တချိန်လုံး အဝတ်ရေစိုတွေနဲ့ဆိုတော့၊ ဘုရားရေ အဲဒီကျောက်တုံးတွေက ခန္ဓာကိုယ်အောက်ပိုင်း ယားနေတာအတွက် တကယ်ကို ကုတ်ခြစ်လို့ ကောင်းတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီနောက် သူမက ရယ်မောလိုက်ကာ “ကျမခန္ဓာကိုယ်အောက်ပိုင်း ယားလို့ ကုတ်ခြစ်ဖို့ သုံးခဲ့တဲ့ ကျောက်တုံးတတုံးဆို ပြုတ်ထွက်သွားတယ်။ အဲဒီကျောက်တုံးကြီး တောင်ပေါ်က ပြုတ်ကျလာတာ အသံသမားတယောက်တောင် သေတော့မလို့ပဲ” လို့ ဆက်ပြောခဲ့ပါတယ်။
မင်းသမီးရဲ့ ပုံမှန်သဘောနဲ့ ပြောတဲ့ဇာတ်လမ်းဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီး ဝေဖန်သူတွေက ဒါဟာ တပါးသူတွေရဲ့ ယဉ်ကျေးမှုအပေါ် အသိတရားမရှိ နားမလည်တာလို့ ဝေဖန်နေကြတာပါ။
အွန်လိုင်းပေါ်မှာ သူ့ကို “အဖြူမ မကောင်းဆိုးဝါးမ” လို့ ရေးသားသူတယောက်က “ဒါကို သူက တကယ်ပဲ ဟာသလို့ ထင်နေတယ်” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
နောက်တဦးကတော့ “ငါတို့ ယဉ်ကျေးမှုကို မလေးမစားလုပ်ပြီး အထွတ်အမြတ်ထားတဲ့ ကျောက်တုံးကို တက်ထိုင်ရုံမက ငါတို့အားလုံးကိုပါ လှောင်ပြောင်သွားလို့ သူ့ကို လုံးဝ မလေးစားတော့ဘူး၊ မကြိုက်တော့ဘူး” လို့ ဝေဖန်လိုက်တာပါ။
ဒီဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ မင်းသမီးက “ဟာဝိုင်ယီကလူတွေကို မလေးစားတဲ့သဘောမျိုး လုံးဝမဟုတ်ဘူး။ ကျမပြောတဲ့ ကျမ ကျိန်စာတိုက်ခံရတယ်ဆိုတဲ့ အချက်ကိုတော့ အရေးမပါသလို လုပ်ခံနေတယ်လို့ ကျမထင်မိတယ်။ ဒါပေမယ့် ဒီယုံကြည်မှုတွေက ရယ်စရာမဟုတ်ဘူးဆိုတာ ကျမ နားလည်ပါတယ်။ အကယ်၍ ဘယ်သူ့ကိုမဆို စော်ကားမိသလို ဖြစ်သွားရင် ကျမ တောင်းပန်ပါတယ်” လို့ မင်းသမီးက သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားပြီး ပရိသတ်ကို တောင်းပန်ခဲ့ပါတယ်။
6 years Ago