Huawei

December 12, 2020

နိုင်ငံရေးကိစ္စကြောင့် Huawei စပွန်ဆာစာချုပ်ကို ဘာကာတိုက်စစ်မှူး ဂရစ်ဇ်မန်း ဖျက်သိမ်း

ဘာစီလိုနာတိုက်စစ်မှူး အန်တိုနီယို ဂရစ်ဇ်မန်းဟာ သူ့ရဲ့စပွန်ဆာကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Huawei ကုမ္ပဏီနဲ့စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ ယူအီဂါမူဆလင်တွေကို ဖိနှိပ်ဖို့အတွက် ကုမ္ပဏီဘက်က နည်းပညာတွေ ပြုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပြီးနောက် အခုလို ရပ်ဆိုင်းလိုက်တာပါ။ Huawei ကုမ္ပဏီဟာ တရုတ်အစိုးရရဲ့ ယူအီဂါတွေပေါ်မှာ စောင့်ကြည့်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတဲ့ ဆော့ဝဲလ်တစ်ခုကို ဖန်တီးပေးခဲ့တယ်လို့ မကြာသေးခင်‌က သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဒီလိုထွက်ပေါ်လာခဲ့ပြီးမှာ ကုမ္ပဏီနဲ့ စပွန်ဆာစာချုပ်ကို ရပ်ဆိုင်းလိုက်တယ်လို့ ဂရစ်ဇ်မန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။  လူနည်းစုလူမျိုးစုတွေကို ဖိနှိပ်နေခြင်းကို ရှုတ်ချကြောင်း ဂရစ်ဇ်မန်းက ပြောခဲ့ပြီး Huawei ကုမ္ပဏီအနေနဲ့ သူတို့ရဲ့အရှိန်အဝါကို လူအခွင့်အရေးဆိုင်ရာကိစ္စတွေကို ဖြေရှင်းပေးဖို့အတွက် အသုံးချဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ “Huawei ကုမ္ပဏီဘက်က Uighur alert မျက်နှာကို မှတ်တမ်းတင်တဲ့ ဆော့ဝဲလ်ဖန်တီးနိုင်ဖို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ခိုင်မာတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ကျနော့်အနေနဲ့ ကုမ္ပဏီနဲ့ မိတ်ဖက်စာချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုပါတယ်” လို့ ပြင်သစ်တိုက်စစ်မှူးက သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။  ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို ငြင်းချက်ထုတ်ရုံတင်မဟုတ်ဘဲ သူတို့ရဲ့အရှိန်အဝါကို လူသားနဲ့ အမျိုးသမီးအသိုင်းအဝိုင်းအပေါ် လေးစားမှုရှိရေးအတွက် အသုံးပြုသွားဖို့လည်း ကစားသမားက တောင်းဆိုသွားခဲ့ပါတယ်‌။ ဂရစ်ဇ်မန်းရဲ့ ကြညာချက်ထွက်ပေါ်လာခဲ့ပြီးနောက် Huawei ကုမ္ပဏီဘက်က ဒီကိစ္စကို တွေ့ဆုံဖြေရှင်းသွားဖို့ တုံ့ပြန်ခဲ့ပြီး ကုမ္ပဏီအနေနဲ့ ဘယ်လိုမျိုး ခွဲခြားဆက်ဆံမှုကိုမှ သည်းခံသွားမှာမဟုတ်ဘူလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့တဲ့ မစ္စတာဂရစ်ဇ်မန်းရဲ့ ဆုံးဖြတ်ချက်အတွက် ကုမ္ပဏီအနေနဲ့ ဝမ်းနည်းမိတယ်လို့လည်း Huawei ဘက်က ထုတ်ပြန်တဲ့ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
4 months Ago

February 11, 2020

မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် အမေရိကန် ဖုန်းကုမ္ပဏီကို Huawei တရားစွဲ

မူပိုင်ခွင့်ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ အမေရိကန် ဖုန်းကုမ္ပဏီ Verizon ကို တရားစွဲဆိုလိုက်တယ်လို့ Huawei က ထုတ်ပြန်ပါတယ်။ နယူးယော့ခ်အခြေစိုက် Verizon ကုမ္ပဏီကို Huawei ကုမ္ပဏီက အမေရိကန်မှာ မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာ ၁၂ မျိုးကို သုံးတဲ့အတွက် လျော်ကြေးတောင်းလိုက်တာပါ။ ဖေဖော်ဝါရီ ၆ ရက်က တက္ကဆက်ပြည်နယ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းခရိုင် တရားရုံးတို့မှာ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။ “Huawei က နှစ်ပေါင်းများစွာကြာ သုတေသနပြုပြီး ဖန်တီးလာခဲ့တဲ့၊ မူပိုင်ခွင့်တင်ထားပြီး နည်းပညာတွေဆီကနေ Verizon ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေက အကျိုးအမြတ် ခံစားနေခဲ့တာ ဖြစ်ပါတယ်” လို့ Huawei ရဲ့ ဥပဒေအရာရှိချုပ် Dr. Song Liuping က ပြောပါတယ်။ Huawei ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သုတေသနနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ကျော်သုံးခဲ့ပြီး ကမ္ဘာအနှံ့ မူပိုင်ခွင့်ပေါင်း ၈၀,၀၀၀ ကျော်အထိ ရထားပြီလို့ ဆိုပါတယ်။ ဒါဟာ အမြတ်ငွေထဲက ၁၅ ရာခိုင်နှုန်းအထိလောက်ကို သုတေသနအတွက် သုံးထားပြီး မူပိုင်ခွင့်ပေါင်း ၁၀,၀၀၀ ကျော်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက သုတေသနအတွက် အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။ တရားမစွဲခင်က ကုမ္ပဏီနှစ်ခုဟာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး Huawei ကုမ္ပဏီက သူ့ရဲ့ မူပိုင်ခွင့်တွေကို Verizon က သုံးထားတယ်ဆိုတာ သက်သေအခိုင်အလုံနဲ့ မူပိုင်ခွင့်စာရင်းကို တင်ပြခဲ့ပေမယ့်  လိုင်စင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး သဘောတူညီမှုမရခဲ့ဘူးလို့ Huawei က ဆိုပါတယ်။ “အခုအချိန်ထိ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့တွေဟာ ကုမ္ပဏီအများအပြားနဲ့ မူပိုင်ခွင့်လိုင်စင် သဘောတူညီမှုတွေကို အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းမလှလို့ သဘောတူညီမှုတွေ မရရှိနိုင်တဲ့အခါတွေကျရင်တော့ ကျနော်တို့မှာ တရားဥပဒေအရ ဖြေရှင်းတဲ့နည်းအပြင် တခြား ရွေးချယ်စရာ မရှိပါဘူး။ Verizon အနေနဲ့ သူတို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေမှာ Huaweiက မူပိုင်ခွင့်တင်ထားပြီး နည်းပညာတွေ အသုံးပြုနေတဲ့အတွက် စရိတ်ပေးချေတာ၊ ဒါမှမဟုတ်ရင် အဲဒီလို အသုံးပြုနေတာက ရပ်ဆိုင်းတာတွေ ပြုလုပ်ရပါမယ်” လို့ Huawei ရဲ့ ဥပဒေအရာရှိချုပ် Dr. Song Liuping က ပြောပါတယ်။ ၂၀၁၅ ခုနှစ်က စလို့ Huawei ဟာ မူပိုင်ခွင့်လိုင်စင် ရောင်းချ၊ အသုံးပြုစေတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရခဲ့ပြီး တခြားသူတွေ ဖန်တီးထားတဲ့ မူပိုင်ခွင့်တင်ပြီး နည်းပညာတွေကို တရားဝင်အသုံးပြုဖို့အတွက်လည်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ပေးဆောင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ကတော့ အမေရိကန်က ကုမ္ပဏီတွေကို ပေးဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ပြီးတော့ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ICT ရောင်းချသူ မူပိုင်ခွင့်ပိုင်ရှင် လုပ်ငန်းကြီးတွေနဲ့ မူပိုင်ခွင့် လဲလှယ် အသုံးပြုဖို့ သဘောတူညီမှုပေါင်း ၁၀၀ ကျော် လက်မှတ်ထိုးထားတယ်လို့လည်း ဆိုပါတယ်။
1 year Ago
Up