HIV ကူးစက်ခံရသူ

April 6, 2021

စစ်အာဏာရှင်လက်အောက် HIV ကူးစက်ခံရသူများ ART ဆေးထုတ်ယူရန် အခက်ကြုံနေ

လက်ရှိ မြန်မာတနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်ကျရောက်နေချိန် HIV ကူးစက်ခံနေရသူတွေအနေနဲ့ ရောဂါတန့်ဆေး ART ဆေးတွဲတစ်ချို့ လုံလောက်မှုမရှိတဲ့အတွက် ဝယ်သောက်နေရတာတွေရှိနေပြီး ဆေးထုတ်ရာမှာလည်း အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်လိုက်တဲ့အတွက်  လစဉ် ဆေးရုံတွေမှာ ART ဆေးထုတ်နေရတာကနေ အရပ်ဘက် NGO တွေက ဆေးထုတ်ပေးနေရတာပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှာ ကျိုင်းတုံ-တာချီလိတ်ဆေးရုံတွေမှာ ART ဆေးထုတ်ပုံမှန်ထုတ်ပေးနေတဲ့ဆေးတွေအထဲက ဆေးတွဲတစ်ချို့ကို လုံလောက်မှုမရှိတဲ့အတွက် အပြင်ကနေဝယ်သောက်နေရပါတယ်။ 

ဆေးတန်ဖိုးကတော့ တစ်လစာကို ကျပ် ၁ သိန်းဝန်ကျင်ရှိပြီး ဆေးသောက်နေတဲ့သူတွေအနေနဲ့ ရေရှည်ဝယ်သောက်ဖို့ အခက်အခဲဖြစ်နေပါတယ်။

ART ဆေးသောက်သုံးနေသူတစ်ဦးက"ဆေးတွဲတစ်ချို့ကိုတော့ ဝယ်သောက်ရတာတွေရှိပါတယ်။ တစ်ချို့ကို သုံးလစာလောက်ပေးနိုင်ပေမယ့် တစ်ချို့ကို နှစ်ပတ်စာလောက်ပဲ ပေးနိုင်တယ်။ ပုံမှန်လုပ်ကိုင်နေတဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းတွေတော့ လုံးဝအဆက်မပြတ်သွားအောင် လုပ်နေကြတာတွေရှိပါတယ်။ နိုင်ငံရေးအခြေအနေအရ ရေရှည်ဆိုရင်တော့ မဆင်မပြေနိုင်လောက်ဘူး"လို့ပြောပါတယ်။

ART ဆေးသောက်သုံးနေသူတွေထဲမှာ ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှာနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေလည်းရှိပြီး  NGO တွေကနေတဆင့် ပေးပို့ပေးနေရတာတွေလည်း ရှိပါတယ်။

တစ်နိုင်ငံလုံး ဆေးပြတ်လပ်မှုမရှိအောင်တော့ Myanmar Positive Group(MPG)က ညှိနှိုင်းဆောင်ရွက်နေတာရှိပြီး  နိုဝင်ဘာလအထိသာ ဆေးရရှိနိုင်ကာ တစ်နိုင်ငံလုံး ပြတ်တောက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

8 months Ago
Up