အိမ်တွင်း အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီး တယောက်အကြောင်း ရိုက်ကူးတင် ဆက်ထားတဲ့ Herself ရုပ်ရှင်ကို Amazon Prime ကနေ ဇန်နဝါရီ ၈ ရက်နေ့တည်းက စတင်ပြသနေပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးမှုတွေ ရရှိနေပါတယ်။
ဒီရုပ်ရှင်ကိုတော့ ဗြိတိန်အမျိုးသမီးဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာအကြောင်း ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိဒရာမာရုပ်ရှင်-The Iron Lady(2011)၊ နာမည်ကျော် တေးသံစုံဇာတ်မြူးရုပ်ရှင် Mamma Mia!(2008) စတဲ့ ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးတဲ့ ဗြိတိန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Phyllida Lloyd က ရိုက်ကူးပုံဖော်ထားတာပါ။
Sandra ဟာ ညှဉ်းပန်းနှိပ်စက်တဲ့ ခင်ပွန်းဖြစ်သူဆီက လွတ်မြောက်လာခဲ့ပြီး လူမမယ်သမီး ၂ ယောက်နဲ့ ဘဝကို ရုန်းကန်လှုပ်ရှားနေရတဲ့ Single mother တယောက် ဖြစ်ပါတယ်။ အိုးအိမ်စနစ်အရ သူ့ကို အိမ်သစ်တလုံးရနိုင်ဖို့ ငြင်းပယ်ခံလိုက်ရတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ Sandra ဟာ သူ့ကိုယ်ပိုင်အိမ်အတွက် သူ့ကို နွေးထွေးတဲ့ ဝန်းကျင်၊ မိတ်ဆွေသစ်တွေရဲ့ အကူအညီနဲ့ တည်ဆောက်နိုင်ဖို့ ကြိုးစားရင်း သူ့ကိုယ်သူပြန်ရှာဖွေတွေ့ရှိသွားခဲ့တဲ့ အကြောင်းအရာတွေနဲ့အတူ အနိမ့်အမြင့် အတက်အကျ ဇာတ်လမ်း ဇာတ်အိမ်တွေနဲ့ လူ့အဖွဲ့အစည်းအတွင်းက ပြဿနာတွေကိုပါ လှစ်ဟပြသွားနိုင်ခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ဒီကားထဲက အဓိကဇာတ်ကောင် Sandra နေရာမှာတော့ အိုင်းရစ်စ်သရုပ်ဆောင် မင်းသမီး Clare Dunne က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ ဝါရင့်ဟောလိဝုဒ်သရုပ် ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Harriet Walter ၊ Conleth Hill တို့ကလည်း ပါ ဝင်ထားကြပါတယ်။
ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက ပြသခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ရုံတချို့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ တုန်းက အကန့်အသတ်နဲ့ပြသခဲ့တာ ဖြစ်ပါတယ်။
ကြမ်းတမ်းတဲ့ အိမ်တွင်းအကြမ်းဖက်ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွက်တွေ၊ ပြောစကား Dialog တွေပါ ဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ဟာ IMDb မှာ Rating 6.8 အထိ ရရှိထားပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
1 month Ago