Hercules C-130 လေယာဉ်

December 13, 2019

ကုန်တင်လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိဟု ချီလီရေတပ်ပြော

ချီလီနိုင်ငံမှာ လူ ၃၈ ယောက်လိုက်ပါစီးနင်းခဲ့တဲ့ ကုန်တင်လေယာဉ်တစီး ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ ချီလီရေတပ်က ဒီဇင်ဘာ ၁၂ရက်နေ့မှာ ပြောလိုက်ပါတယ်။  ချီလီလေတပ်ရဲ့ ကုန်တင်လေယာဉ်တစီးဟာ တောင်အမေရိကနဲ့ အန္တာတိက ဒေသကြား ဝေးလံသီခေါင်တဲ့ နေရာမှာ ပျောက်ဆုံးအပြီး ပျက်ကျခဲ့တာပါ။  အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၂၁ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၁၇ ယောက် လိုက်ပါစီးနင်းခဲ့ပါတယ်။  Hercules C-130 လေယာဉ်ဟာ ချီလီကုန်းမြင့်တောင်ပိုင်းက ပန်တာအာရေနပ်စ်မြို့ကနေ ညနေ ငါးနာရီလောက်မှာ ပျံတက်အပြီး အန္တာတိက ဒေသကို ဦးတည် ပျံသန်းခဲ့တာပါ။  ဒါပေမယ့် ညနေ ၆ နာရီ နောက်ပိုင်းမှာတော့ လေယာဉ်နဲ့ လေကြောင်းထိန်း မျှော်စင်ကြား အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။  ဒီဇင်ဘာ ၁၂ ရက်က ရှာဖွေမှုအတွင်း လေယာဉ်အပိုင်းအစတွေနဲ့ လူ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ချီလီရေတပ်အကြီးအကဲက ပြောပါတယ်။  လေပြင်းတိုက်တာ၊ လှိုင်းကြီးတာအပါအဝင် ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် ကနဦး ရှာဖွေလုပ်ငန်းစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။  အဲဒီလေယာဉ်ဟာ တောင်အမေရိကတိုက်ရဲ့ တောင်ဘက်အစွန်းပိုင်းက Drake Sea ဒရိတ်ပင်လယ်ထဲကို ပျက်ကျခဲ့ပြီး ရေအောက်အနက် ၁၁၅၀၀ အထိ ထိုးစိုက်သွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up