GZ

August 6, 2021

လွတ်လပ်ခြင်းက အရင်လာတယ်

သေခြင်းတရား သူက နောက်မှလာတယ်။

လွတ်လပ်ခြင်းက သူ့အရင် လာတယ်။ 

(အာရစ္စတိုး-ဂရိကဗျာဆရာ)

ဒီနေ့ လူငယ်ထုလေးတွေ တနည်း GZ လေးတွေရဲ့ အာဏာသိမ်းပြီးကတည်းက ဝတ်မပျက် ဆန္ဒပြချီတက်ပွဲတွေ။ PDF အဖွဲ့တို့ရဲ့ လက်နက်ရိက္ခာမပြည့်မစုံနဲ့ လူထုကို အကာအကွယ်ပေးနေတဲ့ ခုခံတိုက်ပွဲတွေ။ စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ပြီး အလုပ်တာဝန်ကနေ ထွက်ခွာလာခဲ့ကြတဲ့ CDM တို့ရဲ့ စိတ်ဓာတ်ခိုင်မာမှု။ ကိုယ့်အသက်ကို အိမ်တံစက်မြိတ်မှာ ချိတ်ဆွဲထားခဲ့ပြီး အများအသက်ကို ကယ်ဆယ်နေတဲ့ ‘ပရဟိတ’တွေ။ အဲဒါတွေကို မြင်တွေ့ရတိုင်း အာရစ္စတိုးရဲ့ “Essential” ထဲက ကဗျာတပိုင်းတစကို မကြာမကြာ ရွတ်ဆိုနေမိတယ်။ “လိုအပ်သော၊ လိုအပ်ချက်”တဲ့ ။

Essential ဆိုတော့ မရှိမဖြစ်လိုအပ်သောအရာကို ဖော်ညွှန်းဖွင့်ဆိုထားတာ။ Need နဲ့တော့ မတူဘူး။ Need ကလည်း ‘လိုအပ်တာ၊ ချို့တဲ့တာ။ Want ကျတော့ လိုချင်တာ၊ ဆန္ဒရှိတာ၊ ရချင်တာ၊ တောင့်တတာ စသဖြင့်ပေါ့။ အကြမ်းအနေနဲ့ ပြောတာပါ။ ဒီသုံးမျိုးကိုကြည့်ရင် Essential က ‘မရှိမဖြစ်’ကို လိုအပ်တဲ့သဘော ဆောင်တယ်။ သူ့လိုအပ်ချက်က လိုအပ်ချက်ရှိရုံသက်သက် မဟုတ်ဘူး။ မရှိမဖြစ်ကို လိုအပ်နေတဲ့အရာကို ပြောတာပဲ။ ‘အာရစ္စတိုး’ကတော့ ‘လွတ်လပ်ခြင်း’ဟာ မရှိမဖြစ်လိုအပ်တဲ့ အရာတဲ့။

အတော်များများကတော့ ‘သေခြင်းတရားက လွတ်လပ်ခြင်းထက် အရေးပါတယ်’လို့ ဆိုကြတယ်။ သေပြီးနောက် ဘာမှမသိတော့တဲ့ ဘဝတခု ပြီးဆုံးသွားပြီပဲ။ မသေမီ လူ့ဘဝတလျှောက်လုံး လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်က အဓိပ္ပာယ်ပိုပြည့်စုံပါတယ်။ မသေမီ ရှင်သန်ခွင့်ရတုန်း လွတ်လပ်စွာ ရှင်သန်ချင်တာဟာ လူတိုင်းရင်ထဲမှာ ကိန်းဝပ်နေကြတာပဲ။ လူသား ဖြစ်တည်လာတာနဲ့ အကန့်အသတ်တွေကြား နေထိုင်လာကြရတာ။ အသားကျသွားတော့ ရှောင်ရန် ဆောင်ရန်တွေ ဖြစ်လာပြီး အကန့်သတ်ခံလူသားဘဝ ရောက်ခဲ့ကြတာပဲ။ ဒါက လူမှုရေးဖြစ်စဉ်တခုလို့ပဲ ရှုမြင်လာကြတယ်။ ဒီဖြစ်စဉ်ကို ဖောက်ထွက်ဖို့ ကြိုးစားသူအချို့တော့ ရှိလေရဲ့။

သာမန်လူ့အဖွဲ့အစည်းမှာတောင် အကန့်အသတ်တွေကြား နေထိုင်လာခဲ့ရတဲ့ လူသားဟာ အချုပ်အချယ်တွေကို ရွံမုန်းလာတာ သဘာဝကျတယ်။ လူဟာ တဦး တယောက်တည်း နေလို့မရတော့ လူ့အဖွဲ့အစည်းမှာ နေထိုင်လာရတဲ့ ရှိသင့်ရှိထိုက်တဲ့ အကန့်အသတ်အရ ညှိနှိုင်း နေထိုင်ကြရမယ်ဆိုတဲ့အသိ ရှိပါတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ အချုပ်အချယ်တွေကိုတော့ ဖယ်ရှားပစ်ကြရမှာပါ။ လူ့အဖွဲ့အစည်းနဲ့ နေထိုင်လာကတည်းက နိုင်ငံတော်ဆိုတာ ပေါ်လာတာပဲ။ နိုင်ငံတော်မှာ အုပ်ချုပ်သူနဲ့ လူထုဟာ လူမှုပဋိညာဉ်အရ စုစည်းနေထိုင်ကြရတာပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်း လူမှုပဋိညာဉ်အပေါ် အခြေခံကြရတာ။ ဒါကြောင့် နိုင်ငံတော်အာဏာဆိုတာ ပြည်သူ့ဆီကပဲ ဆင်းသက်လာရတာပဲ။ အဲဒီနိုင်ငံတော်အာဏာကို ပြည်သူ့ဆန္ဒအရ မဟုတ်ဘဲ သိမ်းပိုက်အုပ်ချုပ်လာပြီဆိုရင် ပြည်သူလူထုရဲ့ ပုန်ကန်ထကြွမှုဟာ ပေါ်လာမြဲပဲ။ ဒါဟာ နိယာမတခုပဲ။ ဖိရင် ကြွမယ်။ ထိရင် ချမယ်။ အချုပ်အချယ် မခံနိုင်တော့ဘူး။ လွတ်လပ်မြောက်ရေးအတွက် လက်ရုံးတွေ ဆန့်တန်းလာမယ်။ တညီတညွတ်တည်း အော်ဟစ် ကြွေးကြော်လာကြမယ်။ ဒါမှမရသေးရင် ရရာလက်နက်နဲ့ ပုန်ကန်ထကြွကြမယ်။ ဒါဟာ နိယာမသဘောပဲ။ တရားစစ်တရားမှန်ပဲ။

ဒီအခြေအနေတွေကြောင့်လည်း လူငယ်မျိုးဆက် (GZ) တွေဟာ စစ်တပ်က အာဏာလုယူပြီးကတည်းက တနေ့မပျက် သူတို့လက်ရုံးတွေ ဆန့်တန်းခဲ့ကြတယ်။ သေနတ်နဲ့ ပစ်ခတ်နေတဲ့ကြားထဲက၊ ရိုက်နှက်ဖမ်းဆီးနေတဲ့ကြားထဲက မကြောက်မရွံ့ နောက်မတွန့်ဘဲ ဆန္ဒပြခဲ့ကြတာ။ မြို့ပြအုံကြွမှုဟာ အချိန်မရွေး အသက်အန္တရာယ်ရှိတာကို သိသိကြီးနဲ့ ပြခဲ့ကြတာ။

‘ကြောက်လာဘ်လွဲ ရဲမင်းဖြစ်’ ဆိုစကားရှိပေမယ့် ‘မင်း’ ဖြစ်ချင်လို့ တိုက်တာ မဟုတ်ဘူး။ ‘မင်း’ ဖြစ်ချင်လို့ ဆန္ဒပြကြွေးကြော်နေကြတာ မဟုတ်ဘူး။ စစ်အာဏာနဲ့ ဓားမိုးအုပ်ချုပ်တာကို မလိုချင်လို့ ဆန့်ကျင်ကြတာ။ ကိုယ့်လွတ်လပ်မှုအတွက် ‘သေမှာမကြောက်ဘဲ ပေတရာပေါ် လျှောက်’နေကြတဲ့ အချက်ဟာ သေခြင်းတရားထက် လွတ်လပ်ခြင်းကို မြတ်နိုးတယ်ဆိုတဲ့ အချက်ကို ပိုမိုပေါ်လွင်လာခဲ့တယ်။

တဖက်မှာ ကြည့်တော့လည်း ‘ပြည်သူ့ကာကွယ်ရေးအင်အားစု’အဖွဲ့တွေ။ သူတို့လည်း အစက စစ်တပ်က လူထုလက်ထဲက အာဏာလုယူတာကို မကျေနပ်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ။ လက်နက်ဆိုလို့ အပ်တိုတချောင်းတောင်မပါတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွေကို စစ်အာဏာလု အုပ်စုက လက်နက်နဲ့ပစ်ခတ်နှိမ်နင်းတော့ ကိုယ့်ရဲဘော်ရဲဘက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အတန်းဖော်တွေ အတုန်းအရုံး သေဆုံးကုန်တာကို မြင်တွေ့လာရတယ်။ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အတွက် လက်နက်ကိုင်လာတယ်။ လက်နက်နဲ့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ ပြင်ဆင်လာကြတယ်။ ဒီလိုနဲ့ PDF လို့ခေါ်တဲ့ ‘ပြည်သူ့ကာကွယ်ရေးအဖွဲ့’တွေ ပေါ်လာခဲ့တာပဲ။

လက်နက်ကိုင်ကြပြီ ဆိုကတည်းက ‘သေခြင်းနဲ့ ရှင်ခြင်းကြားမှာ တည်ရှိနေတယ်’ဆိုတာ သိတာပေါ့။ အချိန်မရွေး ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ တဘက်ဘက်ကတော့ အကျအဆုံးရှိမှာပဲ။ နှစ်ဘက်လုံးက လူသေစေနိုင်တဲ့ လက်နက်တွေနဲ့ တိုက်ကြရတာ မဟုတ်လား။ သေမင်းနဲ့ စစ်ခင်းနေကြရတာပဲလေ။ ဒီလို စွန့်စားလိုက်တာဟာလည်း သေခြင်းတရားထက် မသခင် လွတ်မြောက်ခြင်းက အရင်လာခဲ့တာကြောင့် လွတ်လပ်ခြင်းတရားအတွက် တိုက်ခဲ့ကြရတယ်  ဆိုတာကို အလိုလိုပေါ်လွင်လာစေခဲ့တယ်။

စစ်အာဏာလုအုပ်စုကို ဆန့်ကျင်ပြီး အလုပ်တာဝန်ကနေ ထွက်ခွာလာခဲ့ကြတဲ့ CDM တွေရဲ့ ခိုင်မာမှုကလည်း ထိုနည်းလည်းကောင်းအတိုင်းပါပဲ။ ကိုယ့်ဆီက အာဏာကို လုယူလိုက်တဲ့ အာဏာလုသူရဲ့ စေခိုင်းမှုအောက်မှာ ဘယ်သူမှ ကျွန်မခံလိုကြဘူး။ အလုပ်မလုပ်လိုကြဘူး။ လုပ်ရင်လည်း ပျော်ရွှင်လာနိုင်မှာ မဟုတ်ဘူး။ ဒီတော့ အလုပ်တာဝန်ကနေ နုတ်ထွက်လိုက်ကြတယ်။ အလုပ်လက်မဲ့အခြေနေမှာ စားဝတ်နေရေး ခက်ခဲမယ်ဆိုတာကို မသိလို့မှ မဟုတ်ဘဲ။ ကြိုတွက်ထားပြီးသား။ အချိန်မရွေး အာဏာသိမ်းအုပ်စုရဲ့ အဖမ်းအဆီးလည်း ခံရနိုင်တယ်။ သူတို့လက်တွင်းမှာ  အချိန်မရွေး ဘဝတပါးပြောင်းသွားနိုင်တယ် ဆိုတာလည်း ကြိုတွေးထားပြီးသား။ ဒါဖြင့် ဒီလို ခက်ခဲတဲ့အခြေနေကနေ ဘာလို့ ထွက်ခွာလာကြသလဲ။ လွတ်လပ်ခြင်းကို ပိုတောင့်တခဲ့ကြလို့ပဲပေါ့။

မြန်မာနိုင်ငံမှာ ‘ပရဟိတအသင်းအစက နာရေးကူညီမှုအသင်းက’လို့ ဆိုနိုင်တယ်။ ခေတ်စားလာလာတာက ၂၀၁၆ ခုနှစ်လောက်က စတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကြီးက ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဖြစ်နေလေတော့ ပရဟိတအသင်းတွေဟာ ရှေ့တန်းရောက်လာခဲ့ရတာ။ ဝူဟန်ဗိုင်းရပ်လို့ ခေါ်ခဲ့တဲ့ ကိုဗစ် ဖြစ်ချိန်မှာ သိသိသာသာ အကျိုးပြုလာခဲ့တာ။ လူထုမှီခိုအားထားရာ ဖြစ်ခဲ့ရတာ။ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်တော့ အာဏာသိမ်းအုပ်စုက စစ်ပရိယာယ်တခုအနေနဲ့ လူထုကို ထိန်းချုပ်ဖို့ ကြိုးစားလာတာကြောင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ “ပြည်သူမှ ပြည်သူသို့” ဆိုတဲ့ ကြွေးကြော်သံနဲ့ ရိုင်းပင်းစိတ်ကို အလံထူခဲ့ကြတာ။

အဲဒီလို ပြည်သူအချင်းချင်း စောင့်ရှောက်ခဲ့တာကြောင့် အာဏာလုစစ်အုပ်စုရဲ့ အငြိုအငြင်ခံရမယ်။ အဖမ်းလည်း ခံရနိုင်တယ်။ ရိုက်သတ်တာလည်း ခံရနိုင်တယ်။ သတ်လည်း သတ်ခဲ့ကြတယ်။ ကိုဗစ်ပိုး ကူးစက်မှုကြောင့်လည်း အသက်ကို အန္တရာယ်ပြုနိုင်တယ်ဆိုတာကို သိသိကြီးနဲ့ လူထုကို စောင့်ရှောက်ခဲ့ကြတာ။ အဲဒီလိုအသိရှိပါလျက်နဲ့ ကိုယ့်အသက်ကို ကိုယ့်အိမ်တံစက်မြိတ်မှာ ချိတ်ထားခဲ့ပြီး လူထုကို ရိုင်းပင်းကူညီနေတာဟာလည်း ‘သေခြင်းတရား’ထက် လွတ်လပ်မှုကို ပိုယုံကြည်နေလို့ပဲဆိုတာကိုသက်သေပြနေသလိုပါပဲ။

လူတို့ နေထိုင်ရှင်သန်ရာဘဝမှာ မွေးဖွားခြင်းရှိရင် သေဆုံးခြင်းရှိတာ အားလုံးအသိ။ ဒါပေမဲ့ ရှင်သန်ခွင့်ရရှိတဲ့ အခိုက်အတန့်ကာလလေးတခုမှာ လူပီပီသသ ရှင်သန်ချင်တာလည်း သဘာဝပဲ။ လူပီပီသသ နေထိုင်စားသောက်ချင်တယ်။ လူပီပီသသ ရင်တွင်းခံစားတွေကို ဖွင့်ထုတ်လို့ ‘တေးသီ’ချင်တယ်။ လွတ်လွတ်လပ်လပ် လက်ရုံးတွေကို ဆန့်တန်းချင်တယ်။ လူ့အဖွဲ့အစည်းက ကိုယ့်ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်တွေ အောင်မြင်အောင် အချုပ်အချယ်မရှိ ထမ်းဆောင်ပြချင်တယ်။

သေခြင်းတရားက နောက်မှ လာတယ်။ မသေမီမှာ လွတ်လပ်ခြင်းက အရင်လာခဲ့တာဟာ ဘဝရဲ့ ရှောင်လွှဲမရနိုင်တဲ့ သဘာဝရဲ့ နိယာမတခု ဖြစ်နေတာကြောင့် လူ့ဘဝ ရှင်သန်ရာ အခိုက်အတန့်အတွက် လွတ်လပ်ခြင်း’ဟာ “မရှိမဖြစ် လိုအပ်ချက်”တခုအနေနဲ့ ရှိနေဦးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

**ဒီစာနဲ့ ဆန္ဒပြပြည်သူ။ ပြည်သူ့ကာကွယ်ရေးအင်အားစု။ CDM ဝန်ထမ်းများ။ ပရဟိတအဖွဲ့များနဲ့ မတရားမှုကို ဆန့်ကျင်တွန်းလှန်နေတဲ့ မြန်မာပြည်သူအပေါင်းကို ဦးညွှတ် ဂုဏ်ပြုလိုက်ရပါတယ်။   

အရေးတော်ပုံအောင်ရမည်။ 

ဂန္ထဝင်မောင်ထူး

4 months Ago
Up