Globe Soccer အဖွဲ့က ချီးမြှင့်တဲ့ ဒီနှစ် ၂၀၁၆ အတွက် အကောင်းဆုံး ကစားသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ရရှိသွားပါတယ်။
တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင်နဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းကို ယူရိုချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီထားပါတယ်။
သူဟာ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိထားပါတယ်။
ရော်နယ်ဒိုကတော့ လာမယ့်နှစ်မှာလည်း အခုလို ဆုတွေအားလုံးကို ထပ်ပြီးတော့ ရချင်သေးတယ်လို့ ပြောသွားပါတယ်။
၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဒိုင်လူကြီးဆုကို အင်္ဂလန်ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘက်က ရရှိခဲ့ပါတယ်။
အသက် ၄၁ နှစ်ရှိ ကလက်တန်ဘက်ဟာ ၂၀၁၆ ခုနှစ်အတွင်း ယူရိုပြိုင်ပွဲဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ အင်္ဂလန် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်တွေကို ကိုင်တွယ်ခဲ့ပါတယ်။
အာရပ်အခြေစိုက်အဖွဲ့ဖြစ်တဲ့ Globe Soccer အဖွဲ့ဟာ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးဆု ၁၀ ခု ချီးမြှင့်ခဲ့ပါတယ်။
အကောင်းဆုံးနည်းပြဆုကို ပေါ်တူဂီအသင်းနဲ့အတူ ယူရိုချန်ပီယံဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ ဖာနန်ဒို ဆန်းတို့စ်က ရရှိခဲ့ပါတယ်။
6 years Ago