Gay ကစားသမား

A d v e r t i s e m e n t With Us

June 17, 2020

ဘောလုံးအသင်းတိုင်းတွင် Gay ကစားသမားရှိနိုင်ဟု ဝက်ဖို့ဒ်အသင်း ခေါင်းဆောင်ပြော 

ဘောလုံးအသင်းတိုင်းလိုလိုမှာ Gay ကစားသမားတွေ ရှိနေနိုင်တယ်လို့ ဝက်ဖို့ဒ်အသင်း ခေါင်းဆောင် ထရိုင်ဒီနေးကပြောပါတယ်။ အားကစားသမားတွေအနေနဲ့ သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းရင်းနဲ့ အခုလို ပြောဆိုလိုက်တာပါ။ လက်ရှိအချိန်အထိ ဗြိတိန်ရဲ့သမိုင်းတလျှောက်မှာ နော့ဝှစ်ချ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂျက်စတင်ဖာရှာနူ တစ်ဦးတည်းကသာ သူဟာ Gay တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားတာဖြစ်ပြီး ဒီနေးကတော့ လက်ရှိကစားနေဆဲဖြစ်တဲ့ ကစားသမားတွေထဲမှာလည်း Gay တွေ ရှိနေတယ်လို့ ပြောပါတယ်။  “Gay တဦးဦး ဒါမှမဟုတ် ဒီအသိုက်အဝန်းထဲက လူတစ်ဦးဦးဟာ သူတို့ ကျင်လည်ရာ နယ်ပယ်မှာ ဒီလိုမျိုး ပထမဆုံး ထုတ်ဖော်ဝန်ခံမှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို စိုးရိမ်နေပုံရပါတယ်။ ကျနော့်အထင် တစ်ယောက်ယောက်ကသာ သူတို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ပထမဆုံးအနေနဲ့ ထုတ်ဖော်ပြောဆိုလိုက်ရင် တပတ်အတိုင်း သူလိုမျိုး ထုတ်ဖော်ပြောဆိုလာမယ့် လူ အယောက် ၁၀၀ လောက် ရှိလာနိုင်ပါတယ်။” အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပြီး ကလေးနှစ်ဦးရှိပါတယ်။ အားကစားသမားတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့လိင်စိတ်ခံယူချက်ကို ပွင့်ပွင့်လင်းလင်းချပြဖို့ အကောင်းဆုံးလို့ ယုံကြည်နေပြီး ဖုံးကွယ်ထားခြင်းက ခက်ခဲမှုကို ပိုခံစားရစေနိုင်တယ်လို့ အကြံပြုပါတယ်လို့ ဘီဘီစီရဲ့အစီစဉ်တခုမှာ ပြောခဲ့ပါတယ်။ “အခုဆိုရင် ကျနော်တို့အားကစားလောကမှာ အရင်ကထက်ပိုပြီးတော့ Gay ကစားသမားတွေကို လက်ခံနိုင်စွမ်း မြင့်တက်လာကြပြီ ဖြစ်ပါတယ်။ ဘောလုံး၊ ရပ်ဘီနဲ့ ဘယ်အားကစားလောကကပဲ ဖြစ်ဖြစ် ‘ကျနော် Gay တစ်ဦးပါ’လို့ ထုတ်ဖော်ပြောဆိုလိုက်တာက ဒီကိစ္စကြီးကို ကစားသမားဘဝတလျှောက်လုံး ထိန်းသိမ်းပြီး နေသွားရတာထက် ပိုကောင်းမွန်ပါလိမ့်မယ်” လို့ ဒီနေးက အကြံပြုသွားခဲ့ပါတယ်။  ၂၀၁၉ ခုနှစ်မှာ အေလိဂ်ကလပ် နယူးကာဆယ်ဂျက်စ်အသင်းမှာ ကစားခဲ့တဲ့ သြစတြေးလျ ဘောလုံးသမား အန်ဒီဘရန်နန်က သူဟာ Gay တစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  ဒီလိုတရားဝင် ထုတ်ပြန်ကြေညာလိုက်ခြင်းက သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် ဖုံးကွယ်စရာ မလိုတော့ဘဲ ဘောလုံးအားကစားအပေါ် အပြည့်အဝ အာရုံစိုက်စူးစိုက်နိုင်စေတယ်လို့ ဘရန်နန်က ပြောပါတယ်။
8 months Ago
Up