G20 နိုင်ငံများ

March 28, 2020

ကမ္ဘာ့စီးပွားရေး ပြန်မြှင့်တင်ရန် ဒေါ်လာ ၅ ထရီလီယံ ထည့်ဝင်မည်ဟု G20 နိုင်ငံများ ကတိပြု

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ ပါဝင်တဲ့ G20 ခေါင်းဆောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ထိခိုက်နေတဲ့ ကမ္ဘာ့စီးပွားရေးကို ပြန်မြှင့်တင်ဖို့ အမေရိကန် ဒေါ်လာ ၅ ထရီလီယံ ထည့်ဝင်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီရန်ပုံငွေထည့်ဝင်မှုက ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ဝင်ငွေဆုံးရှုံးခြင်းနဲ့ အလုပ်အကိုင် ပျက်ရခြင်းကို ကုစားနိုင်ဖို့နဲ့ ကပ်ဘေးကျော်လွှားရေးအတွက် လုပ်ဆောင်ရမယ့် ဘယ်အရာမဆိုအတွက် အထောက်အကူပြုသွားမယ်လို့ ဆိုပါတယ်။ G20 နိုင်ငံတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ကပ်ဘေးကာလအတွင်း မရှိမဖြစ်အရေးပါတဲ့ ဆေးဝါးပစ္စည်းတွေနဲ့ အခြားကုန်စည်တွေ နယ်စပ်တွေကို ဖြတ်ကျော်ပြီး ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေး လုပ်ဆောင်မယ်လို့လည်း ကတိပြုထားပါတယ်။ အဖွဲ့ခေါင်းဆောင်တွေက ထိခိုက်လွယ်တဲ့နိုင်ငံတွေရှိရာ အာဖရိကဒေသနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ကပ်ဘေးဖြစ်နိုင်ခြေ အမြင့်မားဆုံးဖြစ်လို့ စိတ်ပူပန်တယ်လို့လည်း ထုတ်ဖော်ထားပါတယ်။  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  အိုင်အမ်အက်ဖ်ရဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လီနာ ဂျော်ဂျီဗာကတော့ သူတို့အဖွဲ့ဟာ လက်ရှိရှိနေတဲ့ အရေးပေါ်ဘဏ္ဍာရေးရန်ပုံငွေဒေါ်လာ ၅၀ ဘီလီယံကို နှစ်ဆတိုးပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုဒဏ်ခံနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီဖို့ စီမံနေကြောင်းလည်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
2 years Ago
Up