G-Z လူငယ်များ

March 22, 2021

ကွတ်ခိုင်မြို့က G-Z လူငယ်များ ထင်းရှူးတောတွင်သွားရောက် ဆန္ဒပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အနီးက ထင်းရှူးတောမှာ မတ်လ ၂၂ ရက် မနက်ပိုင်းက စစ်အာဏာရှင်တော်လှန်ရေး လူအင်အား ၂၀၀  လောက်ပါဝင်တဲ့ G-Z လူငယ်စစ်ကြောင်းဟာ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ  ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က မျက်ရည်ယိုဗုံး၊ ရာဘာကျည်နဲ့ အင်အားသုံးအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတဲ့အပြင် ဆန္ဒပြအ​ပြန်မှာ လိုက်လံဖမ်းဆီးတာတွေရှိတဲ့ အတွက် ဆန္ဒပြစစ်ကြောင်းဟာ ထိပ်တိုက်တွေ့ဆုံတာကို မပြုလုပ်ဘဲ အခုလို ထင်းရှူးတောမှာ ​ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာပါ။ 

"စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့  အာဏာရှင်လုံးဝပြုတ်ကျဖို့အတွက် တော်လှန်တဲ့နေရာမှာ နေ့စဉ် သူတို့ဘက်ကအင်အားသုံးဖြိုခွင်းဖို့ ကြိုးစားတယ်။ ကျနော်တို့ဘက်ကတော့ ထိပ်တိုက်တွေ့ဆုံတာမလုပ်ဘူး။ ကျနော်တို့က ပြောက်ကျားစနစ် ဗျူဟာပြောင်းပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ တော်လှန်သွားမယ်"လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ G-Z လူငယ်တစ်ဦးက ပြောပါတယ်။

မတ်လ ၁၈ ရက်နေ့က ဆန္ဒပြသပိတ်စစ်ကြောင်းကို တပ်နဲ့ရဲတွေက အင်အားသုံးအကြမ်းဖက်ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးတဲ့အတွက် ဆန္ဒပြသူ နှစ်ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီနေ့မှာပဲ ပြန်လည်လွှတ်ပေးခဲ့ ပါတယ်။

Photo- မိုင်းဘဉာဏ်(ကွတ်ခိုင်)

8 months Ago
Up