မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ကန့်ကွက်ရှုတ်ချကြောင်း G 7 စက်မှုထိပ်သီး အင်အားကြီးနိုင်ငံတွေက ကြေညာပါတယ်။
G 7 အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်၊ အီတလီ စတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂအဆင့်မြင့်အရာရှိတွေက ပြစ်တင် ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ မီဒီယာတွေအပေါ် ပစ်မှတ်ထားတဲ့ အပေါ်မှာလည်း အလွန်အမင်းစိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်က ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို ချက်ချင်းရပ်တန့်ဖို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို အာဏာပြန်ပေးဖို့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပြီး လွှတ်တော်ကို အမြန်ဆုံးခေါ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။