G-7

August 31, 2020

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ စီးပွားရေးစံချိန်တင် ကျဆင်း

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံအုပ်စု G-7 ဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရချိန် ၂၀၂၀ ဒုတိယ သုံးလပတ်ကာလအတွင်း စီးပွားရေးဟာ စံချိန်တင်လောက်အောင် အဆိုးဆုံး ကျဆင်းခဲ့တယ်လို့  သြဂုတ် ၃၀ ကနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် စီးပွားရေး တိုးတက်နှုန်းဟာ ၂၀၂၀ ဒုတိယ သုံးလပတ်အတွင်း ၃၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ဆိုပါတယ်။ အလားတူအချိန်မှာပဲ ဗြိတိန်စီးပွားရေးဟာ မှတ်တမ်းစတင်ခဲ့တဲ့ ၁၉၅၅ ခုနှစ်တည်းက ခုထိ အနက်ရှိုင်းဆုံး ကျဆင်းခဲ့ပါတယ်။ စာရင်းအင်းတွေအရ ပထမ သုံးလပတ်မှာ  စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP က ၂၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး ဒုတိယ သုံးလပတ်မှာတော့ ဆက်ကျဆင်းနေတာကို ပြနေပါတယ်။ ဥရောပငွေကြေးဇုန်အတွင်း ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ပြင်သစ်နိုင်ငံရဲ့ GDP ဟာ အသွားအလာ ကန့်သတ်ချက်တွေကြောင့် ဒုတိယ သုံးလပတ်အတွင်း ၁၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပထမ သုံးလပတ်မှာတော့ ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ အီတလီရဲ့ GDP ကတော့ ဒုတိယ သုံးလပတ်မှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၉၉၅ ကတည်းက အခုထိ အကြီးဆုံး စီးပွားရေးကျဆင်းမှုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ကနေဒါနိုင်ငံရဲ့ GDP ဟာလည်း ဒုတိယ သုံးလပတ်မှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်းထိ စံချိန်တင် ကျဆင်းပြီး ၁၉၆၁ နောက်ပိုင်းမှာ အနိမ့်ဆုံးစီးပွားရေးအဆင့်ထိ ရောက်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့ GDP ကတော့ ဒုတိယ သုံးလပတ်မှာ ၉ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး ၁၉၇၀ နောက်ပိုင်း စီးပွားရေး တဟုန်ထိုးကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျပန်ဟာလည်း မှတ်တမ်းတင်မှုစတဲ့ ၁၉၈၀ ကနေ အခုထိ  GDP အဆိုးရွားဆုံး ကျဆင်းခဲ့ပြီး ပထမ သုံးလပတ်မှာ စီးပွားရေး ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ ကပ်ဘေးသက်ရောက်မှုဟာ မတူ ခြားနားတဲ့နိုင်ငံတွေမှာ ကွဲပြားနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ကပ်ဘေးကို အနှေးဆုံးတုံ့ပြန်တဲ့ နိုင်ငံဟာ စီးပွားရေးကျဆင်းမှုကို အဆိုးဆုံး ခံရတယ်လို့လည်း သူတို့က ပြောပါတယ်။ ဒါပေမဲ့ G7 အဖွဲ့ဝင် နိုင်ငံတချို့မှာ ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ပြန်ဖယ်ပေးနေလို့ ကူးစက်မှု တကျော့ပြန် ဖြစ်နေတဲ့အတွက် စီးပွားရေး နာလန်ထချိန်မှာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။
9 months Ago

June 9, 2018

G 7 ထိပ်သီးအစည်းအဝေး ပထမနေ့ ပရိဘောဂများ မီးရှို့ဆန္ဒပြ

ကနေဒါနိုင်ငံ ကွိဘက်မြို့မှာ ဆန္ဒပြသူတွေဟာ ကမ္ဘာ့ထိပ်သီးအင်အားကြီး ၇ နိုင်ငံ G7 အစည်းအဝေးရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇွန် ၈ ရက်နေ့မှာ ပရိဘောဂတွေကို မီးရှို့ဆန္ဒပြခဲ့ပါတယ်။ ကွိဘက်ကနေ ၂ နာရီ ကားမောင်းရတဲ့နေရာမှာရှိတဲ့ ရှာလီဗွိုက်မြို့မှာ ဇွန် ၈ နဲ့ ၉ ရက်နေ့ ကျင်းပတဲ့ အစည်းအဝေးအတွင်း ဘယ်ကမ္ဘာ့ခေါင်းဆောင်ကိုမှ ထိတ်လန့်အောင်လုပ်ဖို့ ဆန္ဒပြသူတွေက ရည်ရွယ်ပုံမရဘူးလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ဆန္ဒပြသူတွေက ထိပ်သီးညီလာခံဆီ မချဉ်းကပ်နိုင်အောင် ရဲနဲ့ စစ်တပ်က အရာရှိ အယောက် ၁ သောင်းလောက်ပါတဲ့ လုံခြုံရေးတပ်ကို တာဝန်ချထားပါတယ်။ G7 ထိပ်သီးညီလာခံအတွင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းနေထိုင်မှု အရေး သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအပြင် တခြားကိစ္စတွေကို အာရုံစိုက်တဲ့ ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်ဖို့ ရှိပါတယ်။ G7 ဟာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ တို့ပါတဲ့ စက်မှုထိပ်တန်းနိုင်ငံတွေအုပ်စု ဖြစ်ပါတယ်။
3 years Ago
Up