G-20

November 22, 2020

၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့လာစေရေး G-20 အစည်းအဝေးကျင်းပ

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ၂၀ အဖွဲ့ (G20) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ နိုဝင်ဘာ ၂၁ ရက်မှာ စကားရည်လု ဆွေးနွေးခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအလွန် နာလန်ထူချိန်ကို စီမံခန့်ခွဲဖို့ နိုင်ငံတွေက နည်းလမ်းတွေကို ရှာချိန်မှာ ပိုဆင်းရဲတဲ့ နိုင်ငံတွေ ကျန်မနေခဲ့စေရေး ကမ္ဘာတလွှားမှာ ကာကွယ်ဆေး ကုသဆေးနဲ့ စမ်းသပ်ပစ္စည်းတွေ ဘယ်လို ဖြန့်ဝေမလဲဆိုတာကို ဆွေးနွေး ခဲ့ကြပါတယ်။  ကပ်ဘေးကြောင့် အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ရုပ်သံညီလာခံကို ခေါင်းဆောင်တွေ ၂ ရက်ကြာ ကျင်းပနေကြတာပါ။  နိုဝင်ဘာလကုန်ထိ G20 ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံက ဒီညီလာခံရဲ့ သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ ညီလာခံရဲ့ထိပ်တန်း လုပ်ငန်းစဉ်အဖြစ် ၂၀၂၁မှာ ကမ္ဘာ့စီးပွားရေး ပြန်ဦးမောလာစေရေးကို ဦးတည်ထား ဆွေးနွေးကြပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဒီနှစ်ထဲမှာ ကမ္ဘာ့စီးပွားရေးကို ချောက်နက်ထဲ ပစ်ချခဲ့တာပါ။  ကပ်ဘေးဟာ ဆင်းရဲချမ်းသာ ကွာဟတဲ့ ကမ္ဘာ့ခြားနားချက်ကို ပိုနက်ရှိုင်းစေမှာကို G20 ခေါင်းဆောင်တွေက စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 
7 months Ago

November 23, 2019

G-20 အစည်းအဝေးတွင် လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေး

ဂျပန်နိုင်ငံအလယ်ပိုင်း နာဂိုယာမြို့မှာ ပြုလုပ်တဲ့ နှစ်ရက်ကြာ G-20 အစည်းအဝေး ဒုတိယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးတွေက လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့  ရေရှည်ဖွံ့ဖြိုးရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက လွတ်လပ်စွာ ကုန်သွယ်ရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အာဖရိကမှာ စီးပွားရေး အမြန်ဖွံ့ဖြိုးအောင် အကူအညီပေးရေး အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေးကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှီမိ ဆူမိုသဲဂိက ဖွင့်လှစ်ခဲ့ပြီး   တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လာရော့ဗ်နဲ့ အမေရိကန်  နိုင်ငံခြားရေး ဒုဝန်ကြီး ဂျွန်ဆော်လီဗန်တို့ တက်ရောက်ခဲ့ပါတယ်။  ဂျပန်နိုင်ငံက ဦးစီးကျင်းပတဲ့  G-20 နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးဟာ ဂျပန်နဲ့ တောင်ကိုရီးယားတို့အကြား ပြုလုပ်ထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးခါနီးအချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဆက်စပ်အစည်းအဝေးမှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဝါက ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဆူမိုသဲဂိနဲ့  နှစ်ဖက် ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
More News
Up