ဂျပန်နိုင်ငံကို ကိုဗစ်-၁၉ အကျပ်အတည်းကနေ ရုန်းထွက်ဖို့ ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီအိုကီရှီဒါဟာ အောက်တိုဘာ ၈ ရက် လွှတ်တော်မှာ သူ့ရဲ့ပထမဆုံး မူဝါဒမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒဲဆုဂရဲ့ နေရာမှာ အစားထိုးပြီး ကီရှီဒါဟာ အောက်တိုဘာ ၄ ရက်မှာ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံရဲ့ ထိပ်တန်းတာဝန်ကို ယူခဲ့ပါတယ်။
ပါလီမန်အောက်လွှတ်တော်မှာ ပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ ကီရှီဒါဟာ ငွေကြေး ကျဆင်းခြင်းကို ကျော်လွှားဖို့ သူ့ရဲ့သန္နိဋ္ဌာန်ကို ထပ်လောင်းပြောကြားခဲ့ပြီး ဘဏ္ဍာရေးပိုင်း အသုံးစရိတ်ပိုင်း လျင်လျင်မြန်မြန် လုပ်ဆောင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာကို အလေးပေး ပြောကြားသွားပါတယ်။
ပုံမှန်ခန့်မထားတဲ့ အလုပ်သမားတွေ၊ ကလေးငယ်တွေရှိတဲ့ မိသားစုတွေနဲ့ ကပ်ရောဂါကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို ထောက်ပံ့ငွေ ပေးမယ်လို့လည်း ကတိပေးပါတယ်။
အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ပေးသွားမယ်လို့ ကီရှီဒါက ပြောပါတယ်။
အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ တည်ငြိမ်တဲ့ဆက်ဆံရေး တည်ဆောက်ခြင်းနဲ့ တွေ့ဆုံဆွေးနွေးမှုကို ထိန်းသိမ်းခြင်းတို့က အရေးကြီးပေမယ့်လည်း လိုအပ်လာရင်တော့ ဂျပန်နိုင်ငံဟာ စကားကို တန်ဆာဆင် ပြောနေမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။