Frozen Ⅱ

November 19, 2019

နာမည်ကျော် ကွန်ပျူတာ အဲန်နီမေးရှင်း ဂီတဇာတ် မြူးရုပ်ရှင်-Frozen Ⅱ ရုံတင်မည်(ရုပ်ရှင်နမူနာ)

ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ကွန်ပြူတာအဲန်နီမေးရှင်း ဂီတဇာတ်မြူးရုပ်ရှင်- Frozen ကို လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော် Walt Disney Studios က တင်ဆက်လိုက်တာ ဖြစ်ပြီး အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာတွေဖြစ်ကြတဲ့ ဒါ ရိုက်တာ Chris Buck နဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Jennifer Lee တို့က ပြန်လည် ရိုက်ကူးပုံဖော်ပေးထားကြတာပါ။ ဒီကားဟာ ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အော်စကာရုပ်ရှင်ထူးချွန်ဆုရ Frozen ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီကားထဲမှာ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဘုရင်မ Elsa ၊ မင်းသမီး Anna ၊ မင်းသား Kristoff ၊ နှင်းလူသား Olaf ၊ ဒရယ်ဖိုကြီး Sven စတဲ့ ဇာတ်ကောင်တွေ ပါဝင်မှာဖြစ်ပြီး ရှေ့ရုပ်ရှင်ကားထဲက အဖြစ်အပျက်တွေအပြီး ၃ နှစ်လောက်ကြာသွားပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လိုထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ မတူညီတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်မင်းသမီးမင်းသားတွေ ဖြစ်ကြတဲ့ Idina Menzel ၊ Kristen Bell ၊ Jonathan Groff နဲ့ Josh Gad တို့က အသံနဲ့ ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ဝင်သီချင်းတွေကို တော့ အရင် Frozen ရုပ်ရှင် ရဲ့ နာမည်ကျော်ဇာတ်ဝင်သီချင်း Let It Go ကို သီဆိုပြီး အောင်မြင်မှုရရှိခဲ့တဲ့  အဆိုတော် Kristen Anderson-Lopez နဲ့ Robert Lopez ဇနီးမောင်နှံကပဲ ပြန်လည်ပါဝင် သီဆိုပေးထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြောစကား Dialog တွေ၊ ပြကွင်းပြကွက်တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ် ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.1 အထိ ရရှိထားပြီး Box Office မှာ တော့ ဒီကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago
Up