ကိုယ်ဝန်ဖျက်ချတဲ့ဆေးတွေကို အမေရိကန်ပြည်ထောင်စုအတွင်း လက်လီဆေးဆိုင်တွေမှာ ရောင်းချဖို့ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဇန်နဝါရီ ၃ ရက်မှာ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပါတယ်။
ဆေးဆိုင်တွေဟာ mifepristone ကိုယ်ဝန်ဖျက်ဆေးကို ဖြန့်ဝေဖို့ အသိအမှတ်ပြုလက်မှတ်ကို ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီနှစ်ခုထဲက တခုဆီမှာ လျှောက်ထားနိုင်ပြီး အောင်မြင်ရင် လက်မှတ်ရ ဆေးစာပေးသူ ဆေးဝါးပညာရှင်ဆီက ဆေးစာလက်ခံရရှိမှသာ လူနာတွေဆီ တိုက်ရိုက်ဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။
FDA က ခုလို အပြောင်းအလဲတွေကို လုပ်တော့မယ်လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပြောခဲ့တာပါ။
၂၀၀၀ ပြည့်နှစ်မှာ အေဂျင်စီက အတည်ပြုပြီးကတည်းက ရှိခဲ့တဲ့ ဆေးပြားပေါ်မှာ အန္တရာယ်အကဲဖြတ်တာနဲ့ လျော့ပါးသက်သာစေရေး ဗျူဟာတွေ လျှော့ပေါ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုထဲမှာ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Danco Laboratories နဲ့ GenBioPro တို့က ဆေးတွေကို သုံးစွဲခွင့် လျှောက်လွှာတွေကို တင်သွင်းခဲ့ပြီး အခုတော့ FDA ဆီက ခွင့်ပြုချက် ရခဲ့တာပါ။
တဘူး နှစ်သောင်းကျော်အထိ ပေးဝယ်သောက်နေရတဲ့ ရေစင်ရေမန်းတော်ကြီးကို ဆက်လက်ဖြန့်ဖြူးမရောင်းချဖို့နဲ့ ဆက်လက်ဖြန့်ချိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈ (က) အရ အရေးယူသွားမယ်လို့ FDA က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်းက ပုံမှန်ထုတ်လုပ်ဖြန့်ချိနေတဲ့ ရေသန့်ဘူးတွေပေါ်မှာ ရေစင်ရေမန်းတော်ကြီး တံဆိပ်ကပ်ကာ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ ဈေးကွက်အတွင်း MLM အရောင်းကိုယ်စားလှယ်တွေ ရောင်းချခဲ့တာလို့ ရေသန့်လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခြားသူတွေ မှတ်ပုံတင်ပြီး အလုပ်လုပ်ရတာ၊ သူတို့က မှတ်ပုံတင်တာမရှိဘူး၊ ဒီရေသန့်ကပဲ တခုခုပြဿနာဖြစ်လာရင် ဖြန်ဖြူးရေးလုပ်နေသူတွေအားလုံး ဒုက္ခရောက်မယ်။”
ရေသန့်ကို အဘရှိန်ရဲ့ ရေစင်ရေမန်းအဖြစ် ပြုပြင်ရောင်းချခဲ့တဲ့ စက်ရုံနဲ့ အာတီးယားလမ်းရှိ ရုံးချုပ်ကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ ရန်ကုန် FDA၊ မြို့နယ်စားသုံးသူရေးရာ၊ စည်ပင် နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီး ၂ လအကြာမှာ FDA က ခုလိုထုတ်ပြန်ခဲ့တာလို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
“အရင်က နှစ်သောင်းနဲ့ရောင်းတယ်၊ ဖမ်းပြီးတော့ ပိုတောင်စျေးတက်သွားတယ်၊ နှစ်သောင်းနဲ့ နှစ်သောင်းခွဲဆိုပြီး အခုလည်း ခိုးပြီးဖြန့်နေတာတွေရှိတယ်။ အသင်းသားတွေရဲ့ပြောချက်အရ သိရတာ၊ တကယ်လို့ ဆက်ဖြန့်နေမယ်ဆိုရင် ဥပဒေအရ အရေးယူသွားမှာ။”
ပုံမှန်ရေသန့်ကို ရေစင်ရေမန်းလို့ ဆိုကာ ဈေးကွက်အတွင်းရောင်းချခဲ့တဲ့ သောက်သုံးရေမှာ အဏုဇီဝနဲ့ ဓာတုသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး သောက်သုံးရန် မသင့်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဖမ်းဆီးပြီး နှစ်လအကြာမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။