Fast & Furious 9

October 5, 2020

ဟောလိဝုဒ်စတား ဗင်ဒီဇယ်လ် ပါဝင်သည့် Fast & Furious 9 ရုပ်ရှင် ရုံတင်ရက်ထပ်ရွှေ့ (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား ဗင်ဒီဇယ်လ် ခေါင်းဆောင်ပါဝင်ထားတဲ့ နာမည်ကျော် Fast & Furious 9 ရုပ်ရှင်ကို ရုံတင်ရက် ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီကားကိုတော့ Universal Pictures ကနေ ဖြန့်ချိသွားမှာဖြစ်ပြီး ၂၀၀၆ ခုနှစ်ထွက် The Fast and the Furious: Tokyo Drift ရုပ်ရှင်ကစလို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် Fast & Furious 6 ရုပ်ရှင်ကားတွေထိ တာဝန်ယူရိုက်ကူးခဲ့တဲ့ ထိုင်ဝမ်-အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Justin Lin က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ Fast & Furious ရုပ်ရှင်ကားတွေရဲ့ ၉ ကားမြောက်ရုပ်ရှင် ဖြစ်လာမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ထွက် The Fate of the Furious ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ Fast & Furious 9 ရုပ်ရှင်ကားသစ်ထဲမှာတော့ ဟောလိဝုဒ်စတား သရုပ်ဆောင် မင်းသား ဗင်ဒီဇယ်လ်နဲ့အတူ နာမည်ကျေိာ် သရုပ်ဆောင် မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ John Cena ၊ Michelle Rodriguez ၊ Tyrese Gibson ၊ Chris "Ludacris" Bridges ၊ Jordana Brewster ၊ Nathalie Emmanuel ၊ Sung Kang ၊ Helen Mirren နဲ့ Charlize Theron တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ရိုက်ကွင်းတွေကိုတော့ လော့စ်အိန်ဂျလိစ်၊ အီဒင်ဘာ့ဂ်နဲ့ လန်ဒန်တို့အပြင် အရင်က Fast & Furious ရုပ်ရှင်ကားတွေ တခါမှ မရိုက်ကူးဖူးတဲ့ ထိုင်းနိုင်ငံမှာပါ ပထမဆုံး အနေနဲ့ ထူးထူးခြားခြား ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ Fast & Furious 9 ရုပ်ရှင်ကို အစပိုင်းတုန်းကတော့ အမေရိကန်နိုင်ငံမှာ မေလ ၂၂ ရက်နေ့ စတင်ပြီး ရုံတင်ပြသသွားဖို့ ကြေညာထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မတ်လ ၁၂ ရက်နေ့မှာတော့ နောက်ထပ် ၁၀ လ ထပ်မံရွှေ့ဆိုင်းပြီး လာမယ့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ရတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့ကို ထပ်မံပြီးတော့ ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကစတင်ပြီး ၂၀၁၉ ခုနှစ်အထိ ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ Fast & Furious ရုပ်ရှင်ကားတွေဟာ Box Office မှာ ရုံတင်ဝင်ငွေစံချိန်တင် ရရှိခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ခဲ့တာမို့ ခုလာမယ့် ၉ ကားမြောက် ရုပ်ရှင်ကားသစ်ကိုလည်း ပရိသတ်တွေက စိတ်ဝင်စားမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထုတ်လွှင့်ခဲ့တာဖြစ်ကာ လတ်တလောအချိန်ထိ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
7 months Ago
Up