Falcon-9

June 29, 2015

ရိက္ခာသယ်ပို့ရေးဒုံးပျံ Falcon - 9 ပေါက်ကွဲမီးလောင် (ရုပ်သံ)

လူလိုက်ပါခြင်းမရှိတဲ့ ရိက္ခာသယ်ပို့ရေးဒုံးပျံ Falcon-9 ဟာ ဇွန် ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ လွှတ်တင်ပြီး ၂ မိနစ်အကျော်မှာ ပေါက်ကွဲမီးလောင်သွားပါတယ်။ ကမ္ဘာမြေပြင်အထက် မိုင် ၂၆၀ အကွာမှာ လွှတ်တင်ထားတဲ့ နိုင်ငံတကာ အာကာသစခန်းကို ရိက္ခာထောက်ပံ့ပစ္စည်း တန်ချိန် ၂ တန်ခွဲလောက် သယ်ဆောင်သွားစဉ်မှာ ပေါက်ကွဲခဲ့တာပါ။ ထောက်ပံ့ရေးနဲ့ ရိက္ခာပစ္စည်းတွေ ဆုံးရှုံးခဲ့ပေမယ့် အာကာသယာဉ်မှူးတွေအတွက် ရိက္ခာတွေ လာမယ့် အောက်တိုဘာလကုန်အထိ လုံလောက်တယ်၊ ဒီကြားထဲ ရုရှားနဲ့ ဂျပန် ရိက္ခာထောက်ပံ့ရေး ယာဉ်တွေလည်း စေလွှတ်မှာပါလို့ အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က ပြောပါတယ်။ နာဆာဟာ အာကာသယာဉ်မှူးတွေအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ SpaceX ကို ၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကန်ထရိုက်နဲ့ ငှားရမ်းထားတာပါ။ ဒီကုမ္ပဏီရဲ့ Falcon-9 ဒုံးပျံဟာ အခုပေါက်ကွဲမှုမဖြစ်ခင် ၁၈ ကြိမ်တိတိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်ဆာင်ခဲ့ပြီး ဖြစ်ပါတယ်။ အထက်အဆင့် အောက်စီဂျင်ရည်သိုလှောင်ကန်က အပူလွန်ကဲပြီး ပေါက်ကွဲသွားတာ ဖြစ်နိုင်တယ်လို့ SpaceX ကုမ္ပဏီ စီအီးအိုက ပြောပေမယ့် အတိအကျကို သိရဖို့ ဗဟိုလေကြောင်းအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (FAA) နဲ့ ပူးပေါင်းစုံစမ်းသွားမယ်လို့ ပြောဆိုပါတယ်။ ဒါကြောင့် Falcon-9 ဒုံးပျံလွှတ်တင်ရေး အစီအစဉ်ကို လတ်တလော ရပ်ဆိုင်းထားမှာပါ။ ဒီပေါက်ကွဲသွားတဲ့ ဒုံးပျံဟာ ၂၀၈ ပေ အရှည်ရှိပြီး ထိပ်ဖူးပါ တန်ချိန်အားလုံး ၅၀၀ ကျော်ပါတယ်။
6 years Ago
Up