FAA စစ်ဆေး

October 1, 2020

ဘိုးရင်း ၇၃၇ ပျံသန်းခွင့်အတွက် FAA စစ်ဆေး

ဘိုးရင်း ၇၃၇ မက်စ် လေယာဉ် ပျံသန်းခွင့် ပြန်ရရှိဖို့  ၂ နာရီကြာ ပျံသန်းစစ်ဆေးမှု အကဲ ဖြတ်ချက်ကို အမေရိကန်ဖက်ဒရယ်လေကြောင်းလိုင်း အုပ်ချုပ်ရေး (FAA) အကြီးအကဲက စက်တင်ဘာ ၃၀  ရက်မှာ ပြုလုပ်ခဲ့ပါတယ်။   အဲဒီနောက် FAA အကြီးအကဲ  စတိဗ်ဒစ်ဆင်၊ တခြား  FAA နဲ့ ဘိုးရင်း လေယာဉ်မှူးတွေ ဟာ ဘိုးရင်းကွင်းလို့ လူသိများတဲ့ ကင်းကောင်တီနိုင်ငံတကာလေဆိပ်မှာ လေယာဉ်ကို ဆင်း သက်ခဲ့ပါတယ်။  ဒီအကဲဖြတ် ပျံသန်းစစ်ဆေးမှုဟာ ကာလရှည် ရပ်နားထားတဲ့ ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်တွေ ပျံသန်းမှု ပြန်စဖို့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။   ၅ လတာကာလအတွင်း အီသီယိုးပီးယားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံမှာ  ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်  နှစ်စင်း ပျက်ကျခဲ့ပြီး လူပေါင်း ၃၄၆ ယောက် သေဆုံးခဲ့ပါတယ်။  အဲဒီနောက် ၂၀၁၉ မတ်လကစပြီး ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်ပျံသန်းမှုတွေကို အမေရိကန်ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေး (FAA) က တားမြစ်ခဲ့တာပါ။  စက်တင်ဘာ  ၃၀ ရက် အကဲဖြတ် ပျံသန်းမောင်းနှင်မှုအပြီးမှာတော့ FAA အကြီးအကဲ ဒစ်ဆင်က ပျံသန်းမှုအပေါ် သဘောကျတယ်လို့ ပြောဆိုခဲ့ပေမယ့် ဘိုးရင်းလေယာဉ်ရဲ့ ကြံ့ခိုင်ရေး အပေါ် ထောက်ခံပေးဖို့  အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။   ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်ပေါ် သူ့မိသားစုကို စိတ်ချလက်ချတင်ပြီး  သူကိုယ်တိုင်  စိတ်ကျေနပ်တဲ့အထိ  ပျံသန်းမောင်းနှင်နိုင်တဲ့ အနေအထားမျိုးရှိမှ ခွင့်ပြုပေးမယ်လို့ ဒစ်ဆင်က ပြောဆိုထားပါတယ်။
8 months Ago
Up