Express ကား မီးလောင်

January 24, 2018

အမြန်လမ်းတွင် ဝါယာရှော့ဖြစ်ပြီး ခရီးသည်တင် Express ကား မီးလောင်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၇၆/၀အနီး ပျော်ဘွယ်မြို့နယ်မှာ မနေ့ညနေက မန္တလေးဘက်ကို မောင်းလာတဲ့ စည်းစိမ်ရှင်ခရီးသည်တင် Express ကားဝါယာရှော့ ဖြစ်ရာမှ ကား ၁ စီးလုံး မီးလောင်သွားပေမယ့် လူတွေတော့ ထိခိုက်ဒဏ်ရာမရကြပါဘူး။ ပေပင်လေး အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတဦးက “မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေ ကိုအောင်မင်းနိုင် မောင်းလာတဲ့ ခရီးသည်တင် Express ကား အင်ဂျင်ခန်းထဲက ဝါယာရှော့ဖြစ်ပြီး ကား ၁ စီးလုံး မီးလောင်သွားပါတယ်။ ကားပေါ်မှာ လိုက်လာတဲ့ ယာဉ်မောင်းပါ ‎ ၃ ဦးလုံး ဒဏ်ရာမရကြပါဘူး”လို့ ဆိုပါတယ်။ ကားမီးလောင်မှုကို သီးကုန်းအမြန်လမ်း မီးသတ်တပ်ဖွဲ့ မိတ္ထီလာမီးသတ်တပ်ဖွဲ့၊ ပျော်ဘွယ် မီးသတ်တပ်ဖွဲ့တွေ လာရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ ပေပင်လေး အမြန်လမ်းမီးသတ်ဦးစီး ဦးအောင်ချမ်းက ပြောပါတယ်။ “မီးသတ်တပ်ဖွဲ့ဝင် ၄၀ လောက်နဲ့ မီးသတ်ယာဉ် ၆ စီး သုံးရတယ်။ ရေဂါလံ ၆၀၀၀ လောက် သုံးတယ်။ အဲဒီကားပေါ်က မီးသတ်ဆေးဘူး ၂ လုံးကို သုံးပြီး မီးငြှိမ်းကြတယ်။ မနေ့ကတည်းက ကားပျက်လို့ ခရီးသည်တွေ ကားပြောင်းပေးလိုက်တော့ ခရီးသည်တွေမပါဘဲ ယာဉ်မောင်းပါ ၃ ဦးပဲ ကားပေါ် ပါလာတယ်" ကားမီးလောင်သွားတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း ၁၅၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းပါတယ်။ အဲဒီမီးလောင်မှုနဲ့ပတ်သက်လို့ ယာဉ်မောင်း ကိုအောင်မင်းနိုင်ကို  မီးလောင်မှု၊ ယာဉ်ဆင်မခြင် ပေါ့ဆစွာ မောင်းမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅/၂၇၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
Up