European Golden Boy ဆု

October 16, 2020

ယခုနှစ် European Golden Boy ဆုအတွက် ဆန်ကာတင်အယောက် ၂၀ စာရင်းထွက်ပေါ်

အခုနှစ် European Golden Boy ဆုအတွက် နောက်ဆုံးဆန်ကာတင် အယောက် ၂၀ စာရင်းမှာ ဆန်ချို၊ ဟာလန်းနဲ့ ဂရင်းဝုဒ်တို့ ပါဝင်နေပါတယ်။  ဥရောပတိုက်မှာ ကစားနေတဲ့ အခုနှစ်အတွက် အသက် ၂၁ နှစ်အောက် အကောင်းဆုံး ကစားသမားစာရင်းကို ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာမှာပါ။  မက်ဆီ၊ ပေါ့ဘာ၊ အမ်ဘာပေနဲ့ ဒီလိုက်တို့ဟာ ဒီဆုကိုဆွတ်ခူးခဲ့ဖူးတဲ့ ကစားသမားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ရဲ့ European Golden Boy ဆုကိုတော့ လက်ရှိ အက်သလက်တီကို တိုက်စစ်မှူး ဂျာအိုဖိလစ်က ရရှိခဲ့ပါတယ်။  ဘင်ဖီကာအသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။     ဖိလစ်ပထမရရှိခဲ့တဲ့နှစ်မှာ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုက ဒုတိယရရှိခဲ့ပြီး သူ့ရဲ့အသင်းဖော် ဟာလန်းက စတုတ္တရရှိခဲ့ပါတယ်။  အခုနှစ်မှာလည်း သူတို့နှစ်ဦးစလုံး ဒီဆုအတွက် ဆန်ကာတင်စာရင်းမှာ ထပ်မံပါဝင်လာခဲ့ပြီး သူတို့ထဲက တဦး ရရှိနိုင်တယ်လို့ သတင်းတွေမှာ ခန့်မှန်းရေးသားထားပါတယ်။  ဒေါ့မွန်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းကြောင့် ဆန်ချိုရဲ့တန်ကြေးဟာ ယူရိုသန်း ၁၂၀ အထိ မြင့်တက်လာပြီး ဒေါ့မွန်အသင်းအတွက် ၂၃ ပွဲမှာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာလည်း ရီးရဲလ်လို အသင်းကြီးရဲ့စိတ်ဝင်စားမှုကို ရရှိထားပါတယ်။ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် အန်ဆုဖာတီ၊ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံအစွန်လူ အယ်လ်ဖွန်ဆိုဒေးဗစ်တို့ဟာလည်း ဆန်ကာတင်စာရင်းမှာ ထပ်မံပါဝင်လာခဲ့ပြီး ပြင်သစ် လက်ရွေးစင်အသင်းမှာသာ  ရွေးချယ်ခံခဲ့ရတဲ့ ရင်းနက်ကွင်းလယ်လူ ကာမာဗင်ဂါဟာလည်း ဆန်ကာတင်စာရင်းမှာပါဝင်နေပါတယ်။  အခုနှစ်ဆန်ကာတင်စာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၆ ဦးအထိပါဝင်နေပြီး မန်စီတီး ကစားသမား ၂ ဦးဖြစ်တဲ့ ဖိုဒန်နဲ့ ဖာဟန်တောရက်စ်၊ ယူနိုက်တက်အသင်းရဲ့ မေဆင်ဂရင်းဝုဒ်၊ ဝုဗ်တိုက်စစ်မှူး ဖာဘီယိုဆေးဗား၊ ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းနဲ့ အာဆင်နယ်လူငယ် ကြယ်ပွင့် ဆာကာတို့ဖြစ်ပါတယ်။ ဘာစီလိုနာကစားသမားသစ် ဆာဂျီနိုဒက်စ်ဟာလည်း ဒီဆုအတွက် အဆိုပြုခံထား ရပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီကမှ အေဂျက်အသင်းကနေ ဘာစီလိုနာအသင်းကို ယူရို ၂၁ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာလည်းဖြစ်ပါတယ်။  ရီးရဲလ်မက်ဒရစ်ကစားသမား ၂ ဦးဖြစ်တဲ့ ရိုဒရီဂိုနဲ့ ဗင်နီစီးယတ်ဂျူနီယာတို့လည်း ဒီစာရင်းမှာပါဝင်နေပြီး ဂျူဗင်တပ်စ်ကွင်းလယ်လူ ကူလူဆီဗတ်စကီ၊ ပီအက်စ်ဂျီနောက်ခံလူ မစ်ချယ်ဘတ်ကာ၊ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်၊ အေဂျက်ဇ်ကစားသမား ရွိုင်ရယ်ဂရာဗန်ဘရန့်ချ်၊ ဆဲဘုအသင်းနဲ့ ဇိုဘိုစလိုင်နဲ့ မီလန်ကွင်း လယ်ဖန်တီးရှင်ဆန်ဒရို တိုနာလီတို့ဟာလည်း ဒီဆုအတွက် ဆန်ကာတင်အယောက် ၂၀ စာရင်းမှာပါဝင်နေပါတယ်။     ဆုရရှိသူကို ဥရောပတလွှားမှာရှိတဲ့ ဂျာနယ်လစ်အယောက် ၄၀ ပါတဲ့အဖွဲ့က ရွေးချယ်မှာ ဖြစ်ပါတယ်။
7 months Ago
Up