EPC ရုံး

October 11, 2021

ပေါင်မြို့နယ် EPC ရုံးအတွင်း ဗုံးပေါက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် လျှပ်စစ် (EPC) ရုံးအတွင်း အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ မနက် ၅ နာရီခွဲလောက်မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး၊ လူထိခိုက်ဒဏ်ရာရ မရှိသလို အဆောက်အဦ ထိခိုက်ပျက်စီးတာလည်း မရှိဘူးလို့ ဆိုပါတယ်။

ပေါင်မြို့နယ် လျှပ်စစ်ဌာနရုံး ဗုံးပေါက်ကွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထုတ်ပြန်ပါတယ်။

ပေါင် PDF ကတော့ EPC ရုံးရဲ့ လုပ်ဆောင်ချက်ဟာ စစ်ကောင်စီအလိုကျ မြို့နေ ပြည်သူလူထုဆီကနေ အတင်းအဓမ္မ မီတာခ ကောက်ခံတာ၊ နေအိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်နေတဲ့အတွက်ကြောင့် နောက်ဆုံးအနေနဲ့ သတိပေးဖောက်ခွဲရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် လျှပ်စစ်ရုံးဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရရှိထားကြောင်းနဲ့ ရှေ့ဆက် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ပေါင် PDF က ထုတ်ပြန်ပါတယ်။

ပေါင်မြို့နယ်အတွင်းမှာတော့ အောက်တိုဘာ ပထမအပတ်ကစပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာခမပေးတဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်တာ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

6 days Ago
Up