EasyJet

April 3, 2020

ဗြိတိသျှ လေကြောင်းလိုင်း ဝန်ထမ်းထောင်ချီ ခေတ္တအနားပေး

ဗြိတိသျှလေကြောင်းလိုင်း BA ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမှာ ရှင်သန်နိုင်ဖို့အတွက် ကုမ္ပဏီရဲ့ဝန်ထမ်း ထောင်ပေါင်းများစွာကို ခေတ္တအလုပ်အနားပေးထားဖို့ စီစဉ်နေတယ်လို့ လေကြောင်းလိုင်းအလုပ်သမားသမဂ္ဂက ပြောလိုက်ပါတယ်။ သမဂ္ဂဘက်ကတော့ နားခွင့်ပေးခံရတဲ့ အလုပ်သမားတွေကို လုပ်ခ ၈၀ ရာခိုင်နှုန်းအထိ ပေးသွားဖို့ လေကြောင်းလိုင်းနဲ့ သဘောတူညီချက်ရတယ်လို့ ဆိုပါတယ်။  သတင်းရင်းမြစ်တခုကလည်း BA ဟာ အလုပ်သမား ၃၂,၀၀၀ ကို ခေတ္တအနားပေးထားဖို့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ရိုက်တာသတင်းကို ပြောပါတယ်။ မကြာသေးမီကလည်း ကွမ်တတ်စ်လေကြောင်းဟာ  လုပ်သား နှစ်သောင်းခန့်ကို ခွင့်နဲ့ အနားပေးထားခဲ့ရသလို ဗြိတိန်ဘတ်ဂျတ်လေကြောင်းလိုင်း EasyJet ကလည်း ယူကေ အခြေစိုက်ဝန်ထမ်း လေးထောင်ကို နှစ်လ အနားပေးခဲ့ရပါတယ်။  အမေရိကန်လေကြောင်း လိုင်းတွေကတော့ လာမယ့် ခြောက်လစာအတွက် ဝန်ထမ်းတွေရဲ့ လစာငွေပေးဖို့ အစိုးရဆီက ဒေါ်လာ ၂၅ ဘီလီယံ ထောက်ပံ့ငွေ ရဖို့ရှိပေမယ့် လေကြောင်းခရီး အသွားအလာနည်းပါးနေတဲ့ ကပ်ဘေးအချိန်မှာ အလုပ်ဆင်း ရက်လျှော့ချဖို့နဲ့ လစာမဲ့ခွင့်တွေ၊ အငြိမ်းစားယူခွင့်စောပေးတာတွေ လုပ်ဆောင်နေရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up