EAO

April 20, 2021

EAO များနှင့်ပူးပေါင်းပြီး နယ်မြေသိမ်းယူမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

အစိုးရဆိုတဲ့အင်္ဂါရပ်နဲ့ညီဖို့  CDMအား ကောင်းတဲ့နေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ပူးပေါင်းပြီး နယ်မြေတွေသိမ်းယူတာတွေ လုပ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ 

အစိုးရဆိုတဲ့ စကားလုံးနဲ့အညီ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ကာကွယ်ရေး ရှိရမှာဖြစ်ပြီး  နယ်မြေလည်းရှိရမှာဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒါကြောင့် CDM အားကောင်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့ ရွာ၊ မြို့၊ ပြည်နယ်/တိုင်းအလိုက် နယ်မြေသိမ်းယူမှုတွေ လုပ်ဆောင်ရမယ်လို့ဆိုပါတယ်။

အဲဒီလို နယ်မြေသိမ်းယူတာက တရားဝင်အစိုးရတစ်ရပ်အဖြစ်နိုင်ငံတကာက အသိအမှတ်ပြု လာအောင်ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ကိုက်ညီတဲ့ တန်ပြန်တော်လှန်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့လည်းပြောဆိုပါတယ်။

စစ်တိုက်ပြီး သွေးထွက်သံယိုဖြစ်စေချင်လို့မဟုတ်ဘဲ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက မဖြစ်ဖြစ်အောင် တမင် တွန်းပို့နေတာလို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

ဒါ့အပြင် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံမှာပါမယ့် ဖက်ဒရယ်တပ်မတော်ကို အင်အား ရှိအောင်လုပ်မှာ ဖြစ်ပေမယ့် နိုင်ငံရေးမှာတော့ လုံးဝမပါဝင်ရဘူးလို့လည်းဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နှစ်ပေါင်းများစွာတည်ဆောက်လာတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်အောင်တိုက်ဖို့အတွက် မနေမနား ကြိုးစားဖို့ကိုလည်း ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။  

5 months Ago

June 23, 2020

စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သြဂုတ်လဒုတိယပတ်၌ ကျင်းပရန် မျှော်မှန်း

စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို သြဂုတ်လ ဒုတိယအပတ်မှာ ကျင်းပနိုင်ဖို့ မျှော်မှန်းပြီး အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဇွန်လ ၂၃ ရက်နေ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို ကျင်းပနိုင်ဖို့ ဇွန်လ ၂၂ ရက်မှ  ၂၅ ရက်နေ့အထိ လေးရက်ကြာ အချိန်ယူပြီး ဆွေးနွေးနေတာပါ။ “လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လလယ် ဒုတိယအပတ်လောက်မှာ လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး ပြင်ဆင်နေတာပေါ့ဗျာ။ အဲဒါကို ကြိုတင်ပြင်ဆင်တဲ့အစည်းအဝေးပါပဲ ဒီနေ့တော့။ အခုကတော့ ညှိနှိုင်းဆွေးနွေးနေဆဲပါပဲ။ အတည်ပြုချက်ကတော့ UPDJC မှာ အတည်ပြုမှာပေါ့ဗျာ။ ညှိနှိုင်းနေဆဲပါပဲ”လို့ ဦးလှမောင်ရွှေကပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေအပြောင်းအလဲရှိလာနိုင်တဲ့အတွက် စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကျင်းပနိုင်ရေးဟာ အရေးကြီးနေတာပါ။. ဒီနေ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ဆွေးနွေးခဲ့ပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  EAO ဘက်က ၁၄ ဦးကော်မတီမှာ ၆ ဦးက ရန်ကုန်မှာ အစည်းအဝေးလာပြီး ကျန်တာတွေကတော့ အွန်လိုင်းကနေ အစည်းအဝေးတက်ရောက်ခဲ့ကာ အစိုးရကိုယ်စားလှယ်အဖွဲ့ကတော့ ၉ ဦးမှာ ၈ ဦးက ဒီမှာလာတက်တယ်။ ဒီနေ့ဆွေးနွေးနေတာတွေနဲ့ပတ်သက်ပြီး EAO တွေက နက်ဖြန်မှာ သူတို့ထဲမှာပြန်ဆွေးနွေးကြဖို့ရှိပြီး ဇွန်  ၂၅ ရက်နေ့မှာမှ ပြန်ဆုံပြီးတော့ ပြန်ဆွေးနွေးမယ်လို့  ဦးလှမောင်ရွှေကပြောပါတယ်။ ရွှေးကောက်ပွဲမတိုင်ခင် စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ကျင်းပဖို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ဆန္ဒရှိနေပြီး သြဂုတ်လမှာ ကျင်းပဖို့ အဆိုပြုထားပါတယ်။ ဒီနေ့အစည်းအဝေးအဖွင့်အမှာစကားမှာတော့ ၂၁ ပင်လုံမှာ အစုအဖွဲ့အားလုံးနဲ့ သင့်တော် အဆင်ပြေတဲ့အချိန်ကို ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံညီလာခံ ကျင်းပဖြစ်ရင် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေ ပြည်ထောင်စုသဘောတူ စာချုပ် အပိုင်းသုံးကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။
1 year Ago
Up