Dr. Nikolay Listopadov

A d v e r t i s e m e n t With Us

January 31, 2021

မြန်မာနိုင်ငံ၏ အခြေအနေ သောကမကင်းဖြစ်မိဟု ရုရှားသံအမတ်ကြီးပြော

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ သောကမကင်းဖြစ်မိပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

သံအမတ်ကြီး Dr. Nikolay Listopadov က သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇန်နဝါရီ ၃၀ ရက်နေ့က ဗွီဒီယိုကနေ မြန်မာစကားနဲ့ အခုလို  ပြောကြားလိုက်တာပါ။

“အခုဆိုရင် မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး သောကမကင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်က မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး အကောင်းမြင်ဝါဒီ ဖြစ်ပါတယ်။”

သူဟာ ၁၉၈၀ ဝန်းကျင်လောက်ကပဲ မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးတာကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)ခေတ်ကနေ အခု ဒီမိုကရေစီခေတ်အထိ အတွေ့အကြုံတွေ ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ သူ့အတွက် ဒုတိယအမိနိုင်ငံလိုတောင်ဖြစ်နေပြီး ‘ချစ်စကို ရှည်စေ မုန်းစကို တိုစေ’ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အင်မတန်ကောင်းတဲ့ ဆိုရိုးစကားဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“အခုလက်ရှိအခြေအနေကို ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ပါစေ။ မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ပါစေ။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ တည်တံ့ခိုင်မြဲပါစေလို့ ကျနော်က ဆုမွန်ကောင်းများ တောင်းပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေကောင်းရင်၊ ငြိမ်းချမ်းရင် သူလည်း အင်မတန်ဝမ်းသာမိပြီး မြန်မာနိုင်ငံ ဒုက္ခရောက်ရင်၊ ပြဿနာဖြစ်ရင် ဝမ်းနည်း စိတ်ထိခိုက်တယ်လို့ မြန်မာနာမည် လူဒင်လို့ နာမည်ခံယူထားတဲ့ သံအမတ်ကြီးက ပြောပါတယ်။

4 weeks Ago
Up